နေပြည်တော် နိုဝင်ဘာ ၂၀
ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များပြုစုပျိုးထောင် မွေးထုတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်း ကျောင်းတည်ထောင်နိုင်ရေး အကြိုညိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် တာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ၊ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းသက်မွေးပညာ ကဏ္ဍတွင် ဧည့်ဝန်ဆောင်မှုဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဘာသာရပ်များကို သက်မွေးပညာရပ်တစ်ခုအဖြစ် ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်အထိ ပေးအပ်နိုင်အောင်ရည်ရွယ်ပြီး နိုင်ငံအဆင့် ကျောင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ကြားမည့် သင်ရိုး ညွှန်းတမ်းများကို အာဆီယံအဆင့်စံနှုန်းများ၊ ပညာရေးဝန်ကြီးဌာန၏ National Qualification Framework တို့နှင့်အညီ ပေါင်းကူးသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင် များကို ဖိတ်ကြားပြီး အုပ်စု (၅) စုဖွဲ့ကာ ဆွေးနွေးရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များဖြင့် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အထက်ဌာနများသို့ ဆက်လက်တင်ပြဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ယနေ့တက်ရောက် လာကြသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က နိုင်ငံအဆင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက် သွားမည့်အစီအမံများ၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည့်အစီအစဉ်များ၊ သင်ရိုးညွှန်းတမ်းရေး ဆွဲဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတို့မှ တက်ရောက်လာကြသော အရာရှိကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက နိုင်ငံအဆင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ သက်မွေးသင်တန်းကျောင်း တည်ထောင်ရသည့် ရည်ရွယ်ချက်များနှင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


