နေပြည်တော် ဇူလိုင် ၁၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာသင် စရိတ်ထောက် ပံ့ခြင်း၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းထူးချွန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းထူးချွန် ဝန်ထမ်းများ၊ ကျောင်းသား မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မိသားစုဝင်များမှ ထူးချွန်ထက်မြက်သည့် ပညာတတ်အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ပညာ သင်နှစ်အလိုက် ပညာသင်ကြားနေကြသည့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်နှစ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအတွက် ဘာသာ ရပ်အလိုက် ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း နောင်တစ်ချိန်တွင် နိုင်ငံတော်ကိုအကျိုးပြုသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုက်ပါသင်ယူနိုင်ရန် အစဉ်တစိုက် ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့စရိတ်များကို တာဝန်ရှိသူများထံ ပေးအပ်ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဂုဏ်ပြုလက်ဆောင်နှင့် ဆုငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂- ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြု လက်မှတ်နှင့် ဆုငွေများကိုလည်းကောင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်က ၂၀၂၂- ၂၀၂၃ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်