နေပြည်တော် နိုဝင်ဘာလ ၂၀ ရက်

ခရီးစဉ်ဒေသများသန့်ရှင်းသာယာလှပရေး၊ ခရီးသွားလှုပ်ရှားမှုအစီအစဉ်များဖော်ထုတ်ရေး နှင့် အရည်အသွေးရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရေးသည် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့်ကိစ္စရပ်များဖြစ်သဖြင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ချောင်းသာကမ်းခြေဒေသရှိ AZURA ဟိုတယ်တွင် ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသတို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူ များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ယခုနှစ်တွင် ငွေဆောင်နှင့် ချောင်းသာ ကမ်းခြေများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ထူးထူးခြားခြား တိုးတက် ဝင်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်းခရီးသွားဧည့်သည်များ စိတ်ချမ်းသာ ပျော်ရွှင်စွာ လာရောက်လည်ပတ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါအား ထိန်းချုပ်နိုင်မှုပေါ် မူတည်၍ နိုင်ငံတော်မှ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ယခင်နှစ်အောက်တိုဘာလ ကပင် ဖြေလျော့ပေးခဲ့သဖြင့် ခရီးစဉ်ဒေသများ၌ ပြည်တွင်း ခရီးသွားများ တိုးတက်များပြားလာခဲ့ပါ ကြောင်း၊  အလားတူ နိုင်ငံတကာလေကြောင်း ပျံသန်းမှုများကိုလည်း ယခုနှစ် ဧပြီလမှ စတင်ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းဗီဇာ၊ ကမ္ဘာလှည့်ခရီးသွားဗီဇာအစရှိသည်တို့ကိုလည်း  e-visa စနစ်ဖြင့် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတကာခရီးသည်ရောက်ရှိမှုများလည်း တိုးတက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ချောင်းသာ ဒေသသို့ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် နှစ်သိန်းငါးသောင်းရှစ်ထောင်ကျော်ရှိခဲ့ပြီး ယခင်နှစ်အလားတူ ကာလတွင် ခြောက်သောင်း ခြောက်ထောင်ကျော်သာ ဝင်ရောက်ခဲ့ပါကြောင်း၊ ထို့အတူ ငွေဆောင် ဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် နှစ်သိန်း တစ်သောင်းခန့်ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် လေးသောင်းတစ်ထောင့် ငါးရာခန့် သာ ဝင်ရောက်ခဲ့သည့်အတွက် ယခုနှစ်၏တိုးတက်လာမှုအခြေအနေကို သိမြင်နိုင်ပါကြောင်း၊ ယခင်ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အများဆုံးဝင်ရောက်ခဲ့သည့် ၂၀၁၉ခုနှစ်  စာရင်းအရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ချောင်းသာ ၊ ငွေဆောင်ဒေသများသို့ ခရီးသွားဧည့်သည် ဝင်ရောက် မှုမှာ တစ်နှစ်လုံးအတွက် ‌ခြောက်သိန်းငါးသောင်းခန့် သာဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ငါးသိန်းငါးသောင်းကျော် ရှိလာပြီဖြစ် သဖြင့် ယခုနှစ်တစ်နှစ်လုံးတွင် ခရီးသည်ဝင်ရောက်မှုမှာ ၂၀၁၉ခုနှစ် စံချိန်ကို ကျော်လွန်သွားနိုင်မည် ဟုယုံကြည်ပါကြောင်း၊  ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လာရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း၏ တန်ဖိုးမြှင့် ကွင်းဆက်များမှာ ရှည်လျားကျယ်ပြန့်သည့်အတွက် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သော လုပ်ငန်း များအားလုံး ဖွံ့ဖြိုးလာရန်လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုးသက်ရောက်မှုများ ပိုမိုပွားများရရှိစေရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းနှင့် ဒေသတွင်း ထွက်ကုန်ပစ္စည်းများ ကိုသာ အဓိကထား အသုံးပြုကြစေလိုပါကြောင်း၊ သို့မှသာ ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရလမ်းများ ပိုမိုဖန်တီးပေးနိုင်မှာဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့် သည်များအား ကျန်းမာရေးနှင့် ညီညွှတ်သော ဝန်ဆောင်မှု များပေးအပ်နိုင်ရန်နှင့် စိတ်ချယုံကြည်မှု ရရှိစေရန်အတွက် နိုင်ငံအဆင့် HSP Certificate များ လျှောက်ထားရယူကြစေလိုပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ လူမှုအသိုင်းအဝိုင်းအကျိုးစီးပွားအတွက်တာဝန်ယူဆောင်ရွက်မှုလုပ်ငန်း (Corporate Social Responsibility- CSR) များကို မိမိတို့လုပ်ငန်း ဆောင်ရွက်နေသည့် ဒေသများရှိ ဒေသခံပြည်သူများ၏ အကျိုးအတွက် အတ္တပရမျှတ စွာ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဟိုတယ်လုပ်ငန်းများအနေဖြင့်  တိုးတက်လာမည့် ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှု အရည်အသွေးကောင်းမွန်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသွားများ ပိုမိုရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့်သာမက ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရေးအတွက် ခရီးသွား မြှင့်တင်ရေးလုပ်ငန်းများကို အစိုးရချင်းသာမက ပုဂ္ဂလိကကဏ္ဍပါ ပါဝင်ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ ခရီးသွားဧည့်သည်များ ၏ ဓလေ့စရိုက်နှင့် နှစ်သက်မှုကို ပိုမိုသိရှိနားလည်ရန် သုတေသနပြုမှုများကိုလည်း ဆောင်ရွက် ထားကြရန်လိုအပ်ပါ ကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးနေရာတွင်တည်ရှိနေပြီး ဒေသထွက်ကုန်ပစ္စည်း များကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများကို အားပေးထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိနှင့်ပြီးသော ခရီးသွား ဆွဲဆောင်ရာနေရာများကို ပိုမိုတိုးချဲ့အဆင့်မြှင့်တင်သွားရန်လိုအပ်ပါကြောင်း၊ အလားတူ ကမ်းခြေ ဒေသများနှင့် အခြားဒေသများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး သက်ဆိုင်ရာဌာန များ၊ လုပ်ငန်းရှင်များ နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့် ဝန်ကြီးချုပ်တို့က ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော ဟိုတယ်များအား HSP-နိုင်ငံအဆင့်အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်ကြပါသည်။ ထို့နောက် ချောင်းသာကမ်းခြေ ဒေသမှ လုပ်ငန်းရှင်တစ်ဦးနှင့် ငွေဆောင်ဒေသမှ လုပ်ငန်းရှင်တစ်ဦးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား တင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ၊ ပုသိမ် ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် ဒေသခံ ပြည်သူများဖြင့် တွေ့ဆုံသည့်အခမ်းအနားသို့တက်ရောက်ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ပုသိမ်မြို့သို့ အပန်းဖြေ ခရီးသွား ဧည့်သည်များသာမက၊ အစည်းအဝေးများနှင့်ပွဲလမ်းသဘင်များသို့ တက်ရောက် ကြသူများ နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများ လာရောက်ကြသည့်အတွက် ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်ရောက်ရှိမှုထူးခြားစွာတိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာသည် နှင့်အမျှ ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကိုမေ့လျော့မနေပဲ ယင်းနှင့် အတူ ယှဉ်တွဲနေထိုင်နိုင်အောင် ပြင်ဆင်ကြရ မည်ဖြစ်ပြီး ခရီးသွားဧည့်သည်များအား ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှု ကောင်းများ ပေးစွမ်းနိုင်ရေးအတွက် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိသော ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များလျောက်ထားရယူကြရန်လိုအပ် ပါကြောင်း၊ ၎င်းအပြင် ဝန်ကြီးဌာနက ဆောင်ရွက်ထားရှိသည့် ဧည့်စာရင်းတိုင်ကြားမှုစနစ် (Guest List Management System-GLMS) ကိုလည်း ထိထိရောက်ရောက်အသုံးပြုကြရန်လိုအပ် ပါကြောင်း၊  ဟိုတယ်လုပ်ငန်းဆောင်ရွက်ကြသူများအနေဖြင့် ဧည့်သည်များများလာရုံသာမက မိမိတို့ဒေသတွင်းကြာကြာနေထိုင်ပြီး  များများ သုံးဆွဲနိုင်အောင်  တီထွင်ကြံဆဆောင်ရွက်ကြရ မှာဖြစ်သလို လာရောက်တည်းခိုမည့် ဧည့်သည်များ အတွက် ထိုက်တန်သည့်ဝန်ဆောင်မှုကောင်းများ ပြန်လည်ပေးစွမ်းနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော ဟိုတယ်များအား HSP-နိုင်ငံအဆင့်အသိအမှတ် ပြုတံဆိပ်များကို ပေးအပ်ကာ ဒေသခံလုပ်ငန်းရှင်တစ်ဉီးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကိုတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန