နေပြည်တော်  မတ်  ၁၁

 

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအခြေခံသဘောတရားများ၊ မီးဘေးကြိုတင်ကာကွယ် ရေးနှင့် ရှောင်ကျဉ်ရမည့်အချက်များ၊ မီးငြှိမ်းသတ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန်က ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေးစီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ်ချိန်နှင့် မီးလောင်ကျွမ်းပြီးချိန်တို့တွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ အဖွဲ့များဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများနှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြရှင်းလင်းကာ ဝန်ထမ်းများက လက်တွေ့ပါဝင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)