မကွေး ၈ ဇန်နဝါရီ
ဖက်ဒရယ်မူအရ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေ(အသစ်)ကို အတည်ပြုနိုင် ခဲ့ခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို တိုင်းဒေသကြီးအဆင့်မှ စီမံခန့်ခွဲနိုင်တော့မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ဥပဒေအရ ဟိုတယ်၊ မိုတယ် ဆောက်လုပ်ခွင့်နဲ့ဖွင့်လှစ်ခွင့် လိုင်စင်တွေ၊ Tour ကုမ္ပဏီတည်ထောင်တာတွေ၊ Guide စတဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်တွေခွင့်ပြုတာ၊ သက်တမ်းတိုး တဲ့ကိစ္စတွေကို တိုင်းဒေသကြီးအဆင့်ကပဲ ခွင့်ပြုချက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရက မူဝါဒချမှတ်ဖို့နဲ့ စောင့်ကြည့်ကြပ်မတ်ဖို့ပဲ လုပ်တော့မယ်” ဟု တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။
တိုင်းဒေသကြီးနှင့်ဗဟိုအစိုးရတို့၏ ဦးထမ်းပဲ့ထမ်းစနစ်ဖြင့်သွားမည့် ပါဝါခွဲတမ်းလုပ်ထားသော မြန်မာနိုင်ငံခရီး သွားလုပ်ငန်းဥပဒေ (အသစ်)ကို ပညာရှင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီးနောက် ၂၀၁၈ စက်တင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း၊ နည်းဥပဒေရေးဆွဲအတည်ပြု နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည် နယ်အစိုးရအဖွဲ့များထံ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်အသင်း အဖွဲ့များ၊ ညီနောင်အသင်းအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ်နေဆဲဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားòန်ကြားမှု ဦးစီးဌာနမှ သိရသည်။
“ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဖွဲ့ပါမယ်။ ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ဝန်ကြီးတစ်ဦးက ဒုတိယဥက္ကဋ္ဌ၊ ဟိုတယ် ခရီးဌာန တိုင်းဒေသကြီး တာဝန်ခံက အတွင်းရေးမှူး တာဝန်ယူရမှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာ ခြောက်ခုရယ်၊ ပညာရှင် တစ်ဦး၊ NGO အဖွဲ့အစည်းက သုံးဦး ပါဝင်တာက ဥပဒေအသစ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ နည်းဥပဒေရေးဆွဲအတည် ပြုပြီးရင်တော့ ဖွဲ့စည်းထားတဲ့ တိုင်း ဒေသကြီး၊ ပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီတွေက လက်တွေ့အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ပြောသည်။
ဇေယျတု (မကွေး)