နေပြည်တော် ၁၃ နိုဝင်ဘာ
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ၊ အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲနှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ယနေ့ နံနက်(၈)နာရီတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဟိုတယ်သင်တန်းဆင်း ကျောင်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ခဲ့ပြီး အခမ်းအနားတက်ရောက်သူများသည် ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်းများ၊ သင်ခန်းစာနာမူနာ ဒီဇိုင်းလက်ရာများကို ကြည့်ရှုကြသည်။
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် Lux Dev. တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းကို ဧည့်ကြိုသင်တန်းသူ၊ အိပ်ခန်းဆောင် သင်တန်းသူ၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းသူများနှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူများ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလ ရက်သတ္တပတ်(၁၈)ပတ်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
ဂျိုင်းလော


