နေပြည်တော် ဒီဇင်ဘာ ၁၇    

 

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါသင်တန်းကို နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီး ကြပ်မှုဖြင့်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ဝန် ဆောင်မှုအခြေခံ လုပ်ငန်းဖြစ်သဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍများ၏ အရည်အသွေး ကောင်းမွန်တိုးတက်ရန် အရေးကြီးကြောင်း၊ ဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်သော နေရာတစ်ခုအဖြစ် ဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ဧည့်သည်၏ စိတ်ကျေနပ်မှုမှာ အရေးကြီးသောကြောင့် မိမိတို့ဘက်မှ အဆိုပါ အရည်အသွေးများ ပြည့်ဝအောင် လေ့ကျင့်သင်ကြား ကြရန် လိုအပ်ကြောင်း၊ ယနေ့ဖွင့်လှစ်မည့် သင်တန်းတွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ဘာသာရပ်(၄) မျိုးကို သင်ကြားသွားမည် ဖြစ်သောကြောင့် သင်တန်းသူ/သားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး  ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်း ရေးမှူးက သင်တန်းဖြစ်မြောက်လာပုံနှင့် သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား/သူ(၄၅)ဦး တက်ရောက်ကြပြီး ဧည့်ကြိုဝန် ဆောင်မှု၊ အစားအစာနှင့်အဖျော်ယမကာဧည့်ခံကျွေးမွေးမှု၊ စီမံခင်းကျင်းမှု၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှုစသည့် ဘာသာရပ်(၄)မျိုးကို (၂)လကြာ စာတွေ့/ လက်တွေ့ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဟိုတယ်များ၏ အော်ဂဲနစ် အသီး အနှံထုတ်ကုန်များ၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ခင်းကျင်းပြသမှုများနှင့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် အသုံးချနေမှု အစီအမံများကို ကြည့်ရှုအားပေးပြီး  အရည်အသွေးရှိသော ထုတ်ကုန်များ ဖြစ်လာစေရေး ကြိုးစားကြရန် မှာကြားသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိရေး၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု သင်တန်းများနှင့် ဘာသာစကားသင်တန်းများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)