HIV ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ရေးသားသူ Dr. Zin Thu Thu Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုးရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသော ART ဆေးများသည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။

 

ART ဆေးများသည် ခန္ဓာကိုယ်တွင် HIV ပိုးများကို နှိမ်နင်းနေချိန်တွင် အောက်ပါ လက္ခဏာများ ရတတ်သည်။

 

•       သွေးအားနည်းခြင်း

•       ဝမ်းလျှောခြင်း

•       ခေါင်းမူး၊ ခေါင်းကိုက်ခြင်း

•       နုံးချိခြင်း

•       ပျို့အန်ခြင်း

•       ကိုယ်လက်နာကျဉ်ခြင်း

•       ထုံကျဉ်ခြင်း

•       အနီကွက် အနီစက်များပေါ်ခြင်း

•       အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း၊ အဆီစုလာခြင်း

•       သွေးတွင်းအချိုဓာတ် များပြားလာခြင်း

•       အရိုးပွခြင်း

•       သွေးတွင်း lactic အက်စစ် များပြားလာခြင်း

•       နှုတ်ခမ်းတဝိုက်နှင့် လျှာ ယောင်ယမ်းခြင်း

•       အသည်းကို ထိခိုက်စေခြင်း

 

ART ဆေးများသည် ရေရှည်တွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ တချို့မှာ ကုသနိုင်သော်လည်း တချို့မှာ နာတာရှည်ဖြစ်တတ်သည်။ ထိုသို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်လျော်သောကုသမှုကို ခံယူရမည်။ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

•       အဆီထုထည် မညီမျှခြင်း

သင့်မျက်နှာနှင့် ခြေလက်တို့တွင် အဆီထုထည်လျော့နည်းပြီး ဝမ်းဗိုက်နှင့် ဂုတ်ပိုးတို့တွင် အဆီစုခြင်းများ ဖြစ်နိုင်သည်။ TESAMORELIN ဟော်မုန်းဆေး သောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ထိုဘေးထွက် ဆိုးကျိုးကို လျှော့ချနိုင်သည်။

 

•       အင်ဆူလင်ဟော်မုန်း အလုပ် မလုပ်တော့ခြင်း

အင်ဆူလင်ဟော်မုန်း အလုပ်မလုပ်တော့ခြင်းကြောင့် သွေးတွင်းသကြားဓာတ်မြင့်မားကာ ဆီးချိုဖြစ်စေ နိုင်သည်။ ၎င်းကို လျှော့ချနိုင်ရန် စားသောက်နေထိုင်မှု မှန်ကန်ရမည်။ ဆီးချိုကျဆေး သောက်ရန်လည်း လိုအပ်သည်။

 

•       သွေးတွင်း အဆီဓာတ် မမျှတခြင်း

သွေးထဲတွင် ကိုလက်စထရောနှင့် Triglycerides (မကောင်းသော အဆီဓာတ်)များ တက်လာနိုင်သည်။ ဆရာဝန် ညွှန်ကြားသော အဆီကျဆေးနှင့် အဆီနည်းသော အစားအစာများကို မှီဝဲပါ။

 

•       လက်တစ်အက်ဆစ်ဓာတ် များခြင်း

ဆဲလ်များ၏ စွန့်ပစ်ပစ္စည်းများ ဖြစ်သော Lactateinသည် လက်တစ်အက်ဆစ်ကို များစေသည်။

 

အစားအသောက် ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အသည်းအလုပ် မလုပ်တော့ခြင်းတို့ ခံစားရနိုင်သည်။ ထိုသို့ဖြစ်ပေါ်ပါက ဆရာဝန်ထံချက်ခြင်းသွားပြပါ။ ဆရာဝန်က လိုအပ်သောစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လိမ့်မည်။

 

(အသည်းပျက်စီးခြင်း၏ လက္ခဏာများမှာအစာအိမ်အောင့်ခြင်း၊ ဆီးအရောင် မည်းမည်းသွားခြင်း၊ အသားဝါခြင်းနှင့် ဝမ်းအရောင် ဖျော့ဖျော့သွားခြင်းတို့ဖြစ်သည်။)

 

ART ဆေးများသည် HIV ရောဂါ ကူးစက်မှုကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ဝေဒနာရှင်များ ပိုမို ကျန်းမာစွာ ရှင်သန်နေထိုင်သွားနိုင်ရန် အထောက်အကူပေးသကဲ့သို့ လိင်မှတဆင့် HIV ရောဂါ ကူးစက်မှုနှုန်းကိုလည်း လျော့ကျစေသည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"