ဟက်ဒါဖီးလ်ကိုအနိုင်ရရှိသည့် နော်တင်ဟမ်တို့ ၂၃ နှစ်အကြာတွင် ပရီမီယာလိဂ်ကို တစ်ကျော့ပြန် တန်းတက်ခွင့်ရ

ချန်ပီယံရှစ် ရှုံးထွက်ဗိုလ်လုပွဲမှ ဟက်ဒါဖီးလ်နှင့် နော်တင်ဟမ် ဖောရက်စ် အသင်းတို့ပွဲစဉ်ကို မေ ၂၉ ရက် ညပိုင်းက ဝင်ဘလေ ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ နော်တင်ဟမ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပရီမီယာလိဂ်သို့ ၂၃ နှစ်အကြာ တွင်တစ်ကျော့ပြန် တန်းတက်ခွင့် ရရှိခဲ့သည်။

ဖူလ်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်းတို့သည် ချန်ပီယံရှစ်မှ ပရီမီယာလိဂ်သို့ တိုက်ရိုက် တန်းတက်ခွင့်ရရှိခဲ့ပြီး နော်တင်ဟမ်အသင်းက ရှုံးထွက်မှတစ်ဆင့် ပရီမီယာလိဂ်သို့ တန်းတက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

နော်တင်ဟမ်သည် နည်းပြ ခရစ္စဟောက်တန် လက်ထက် ရာသီအစ ပွဲစဉ်ခုနစ်ပွဲတွင် တစ်မှတ်သာရရှိပြီး နှစ်ပေါင်း ၁၀၈ နှစ်အတွင်း အဆိုးရွားဆုံးမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း နည်းပြသစ် စတိကူပါးလက်ထက်တွင် နော်တင်ဟမ်အသင်း၏ ခြေစွမ်းရော ရလဒ်ပိုင်းပါ တိုးတက် ကောင်းမွန်လာပြီးနောက် ရာသီအကုန်တွင် ပရီမီယာလိဂ်သို့ တန်းတက်ခွင့် လက်ကျန်တစ်နေရာကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲချိန် ၄၃ မိနစ်တွင် ဟက်ဒါဖီးလ်အသင်းမှ ကိုဝဲလ် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ နော်တင်ဟမ်အသင်း ဂိုးရရှိခဲ့သည်။ ဟက်ဒါဖီးလ်အသင်းသည် ဒုတိယပိုင်းတွင် နော်တင်ဟမ်အသင်းကို ဖိအားပေးကစား နိုင်ခဲ့သော်လည်း အသင်းကစားသမားများ အဆုံးသတ်အားနည်းသည့်အတွက် လိုအပ်သည့် နိုင်ပွဲနှင့် ဝေးကွာခဲ့ရသည်။

အောင်ဇော်