၂ သြဂုတ်
အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်ဟာလေကြောင်း တိုက်ခိုက်မှု တစ်ခုမှာ သေဆုံးသွားပြီဖြစ်တယ်လို့ ထောက်လှမ်း ရေးဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး အမေရိကန်သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဟမ်ဇာဘင်လာဒင် ဘယ်နေ့မှာ သေဆုံးသွား တယ်ဆိုတာနဲ့ ဘယ်နေရာမှာ သေဆုံးခဲ့တယ် ဆိုတာကိုတော့ အတိအကျ မသိရသေးသလို ဒီကိစ္စနဲ့ပတ်သက်ပြီး ပင်တဂွန်က မှတ်ချက်ပေးထားခြင်း မရှိသေးပါဘူး။ အသက်အားဖြင့် ၃၀ လောက်ရှိပြီလို့ ခန့်မှန်းရတဲ့ ဟမ်ဇာဘင်လာဒင်ဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေကို တိုက်ခိုက်မှု တွေ လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ အသံဖိုင်နဲ့ ဗီဒီယို ဖိုင်တွေကို ထုတ်လွှင့်ခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဆုကြေးထုတ်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ အမေရိကန်အစိုးရက ၄င်းကိုဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်သူတွေကို ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းပေးမယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။ ဟမ်ဇာဘင်လာဒင် သေဆုံးတဲ့ သတင်း ကို NBC၊ နယူးယောက်တိုင်းမ်၊ စီအန်အန် အပါအဝင် အမေရိကန်သတင်းမီဒီယာ အများအပြားက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြ ပါတယ်။ ဟမ်ဇာဟာ အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ခေါင်းဆောင်သစ်တစ်ယောက်အနေနဲ့ ပေါ်ထွက် လာခဲ့တာကို မြင်ရပါတယ်။
အာဏာပိုင်တွေနှုတ်ဆိတ်နေ
ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဟမ်ဇာဟာ လွန်ခဲ့တဲ့နှစ်နှစ်အကြာက လုပ်ဆောင်ခဲ့တဲ့ စစ်ဆင် ရေးတစ်ခုအတွင်းမှာ သေဆုံးခဲ့ပြီး အဲဒီစစ်ဆင်ရေးမှာ အမေရိကန်အစိုးရ ပါဝင်ပတ်သက်မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်နေ့ဘယ်ရက်ဆိုတာကို ဖော်ပြခြင်း မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇူလိုင် ၃၁ ရက်နေ့မှာ သမ္မတဒေါ်နယ်ထရမ့်က သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ အလားတူပဲ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်ဆီကလည်း ဘာမှတ်ချက်မှ ထွက်မလာခဲ့ပါဘူး။
ဟမ်ဇာဘင်လာဒင် သေဆုံးပြီဆိုတာကို အယ်လ်ခိုင်ဒါအဖွဲ့က အတည်ပြုခြင်းတော့ မရှိသေးပါဘူး။ အိုင်အက်စ် အစွန်းရောက် စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူတွေကတော့ ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သတိထားဖို့ တိုက်တွန်းနေသလို ၄င်းတို့ခေါင်းဆောင်တွေဆီက တရားဝင်ကြေညာချက်ထွက်လာဖို့ စောင့်ဆိုင်း လျက်ရှိပါတယ်။
ဟမ်ဇာဘင်လာဒင်ဆိုတာဘယ်သူလဲ
ဟမ်ဇာဘင်လာဒင်ကို တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတစ်ဦးအဖြစ် အမေရိကန်က လွန်ခဲ့တဲ့နှစ်နှစ်အကြာကတရားဝင်သတ်မှတ်ခဲ့ပါတယ်။ သေဆုံးသွားပြီ ဖြစ်တဲ့ ၄င်းရဲ့ဖခင် အိုစမာဘင်လာဒင်ရဲ့ နေရာကို ဆက်ခံဖို့ အလားအလာရှိတဲ့ သူတစ်ယောက်၊ ဘင်လာဒင် မျိုးဆက်တစ်ယောက်အနေနဲ့ လူတော်တော်များများက သိရှိခဲ့ကြပါတယ်။ဟမ်ဇာဟာအီရန်မှာ အကျယ်ချုပ်ကျခဲ့ဖူးတယ်လို့ ယူဆရပြီး သတင်းရင်းမြစ်အချို့က ၄င်းဟာ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်အနီးမှာ အခြေစိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။
အီရန်မှာနေထိုင်ခဲ့
ဟမ်ဇာကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမှာ မွေးဖွားခဲ့တယ်လို့ ယူဆရပြီး အဲဒီနောက်ပိုင်းမှာ ၄င်းဟာ မိခင်ဖြစ်သူနဲ့ အီရန်မှာ နှစ်တွေကြာတဲ့ အထိနေထိုင်ခဲ့ပါတယ်။ ၄င်းဟာ ၁၉၉၈ ခုနှစ်မှာ တန်ဇန်းနီးယားနဲ့ ကင်ညာမှာရှိတဲ့ အမေရိကန် သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အဗ္ဗဒူလာအာမက်မာစီ ဆိုသူရဲ့ သမီးနဲ့ လက်ထပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ခေါင်းဆောင်ဖြစ်လာမယ့်သူ
ဟမ်ဇာရဲ့ဖခင် အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ်မှာ ပါကစ္စတန်ရှိ အဘူတာဘက်မှာရှိတဲ့ အဆောက်အအုံဝင်းတစ်ခုထဲမှာ အမေရိကန်အထူး ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက သုတ်သင်ချေမှုန်းခဲ့ပါတယ်။ အိုစမာဘင်လာဒင်ဟာ ၉/၁၁ တိုက်ခိုက်မှုလို့ လူသိများတဲ့ ၂၀ဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အမေရိကန်မှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီ တိုက်ခိုက်မှုအတွင်းမှာလူ ၃၀ဝဝ ကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။
စစ်ဆင်ရေးအရစီးနင်းမှု လုပ်ဆောင်ခဲ့စဉ်အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စာရွက်စာတမ်း အထောက်အထားတွေအရ ဟမ်ဇာဘင်လာဒင်ဟာ အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် နေရာကို ဆက်ခံဖို့ လျာထားခြင်းခံရတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။ များပြားလှစွာသော စာရွက်စာတမ်းအထောက်အထားတွေထဲမှာ ၄င်းလက်ထပ်ထိမ်းမြားခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း ရှာတွေ့ခဲ့ပါတယ်။
နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်
၂၀၁၇ ခုနှစ်တုန်းက ပေါက်ကြားခဲ့တဲ့ သတင်းတစ်ခုမှာ ဟမ်ဇာဘင်လာဒင်ဟာ ၄င်းရဲ့ သားတစ်ဦး အသတ်ခံလိုက်ရကြောင်း ၄င်းရဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာ သေဆုံးခဲ့တယ်ဆိုတာ မသိရပါဘူး။ ၂၀၁၈ ခုနှစ် မတ်လမှာတော့ ၄င်းရဲ့နောက်ဆုံးပြုလုပ်ခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ အာရေဗျကျွန်းဆွယ်က လူတွေတော်လှန် ပုန်ကန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် မတ်လမှာ ဆော်ဒီအာရေဗျနိုင်ငံက ဟမ်ဇာကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။
တိအကျမပြောနိုင်
ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်အက်စ် အစွန်းရောက်စစ်သွေးကြွအဖွဲ့ ထွက်ပေါ်လွှမ်းမိုး လာချိန်မှာ အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့ မှေးမှိန်လာခဲ့ပါတယ်။ မကြာသေးခင်လတွေအတွင်းမှာ ဟမ်ဇာနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာတဲ့ သတင်းတွေက ၄င်းဟာအာဖဂန်မှာ ရှိနေသလိုလို၊ ပါကစ္စတန်မှာလိုလို ၊ အီရန်မှာလိုလိုနဲ့ ထင်ကြေး မျိုးမျိုးပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ အမေရိကန်ရဲ့ အလိုရှိဆုံး အကြမ်းဖက်သမားတစ်ဦးဖြစ်တဲ့ ဟမ်ဇာ ဘယ်နိုင်ငံမှာ ပုန်းအောင်းနေတယ်ဆိုတာကို ဘယ်သူကမှ အတိအကျ မပြောနိုင်ခဲ့ပါဘူး။
ဘေးမှာရှိခဲ့
ဟမ်ဇာအကြောင်း သတင်းပေးသူတွေကို ဒေါ်လာတစ်သန်းဆုကြေး ထုတ်လိုက်တာဟာ ၄င်းအမှန်တကယ် အန္တရာယ်ပြုလာနိုင်တာအတွက် အရေးယူဆောင်ရွက်ချက်တစ်ခု မဟုတ်သလို အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ဝါဒဖြန့်ယန္တရားနဲ့ ၄င်းရဲ့အဖွဲ့ဆီ ဆက်သွယ်တဲ့ သင်္ကေတတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်နိုင်တဲ့အရာ တစ်ခုလည်း မဟုတ်ပါဘူး။ ဖခင်ဖြစ်သူ အိုစမာဘင်လာဒင် ၉/၁၁ တိုက်ခိုက်မှုကို အကွက်ချစီစဉ်ခဲ့ချိန်တုန်းက ဟမ်ဇာဘင်လာဒင်ဟာ ကလေးအရွယ်သာ ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီကိစ္စတွေကို ပြင်ဆင် ခဲ့ချိန်မှာ ဖခင်ဖြစ်သူရဲ့ဘေးမှာ ၄င်းရှိနေခဲ့တယ်လို့ အစွန်းရောက်အဖွဲ့တစ်ဖွဲ့ရဲ့ တစ်ဆင့်စကားကနေ ကြားသိခဲ့ရပါတယ်။
တိတ်ဆိတ်စေ
အမေရိကကို မုန်းတီးဖို့ မွေးဖွားလာခဲ့တဲ့ သားတစ်ယောက်အတွက်ကတော့ အထူးတပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲမှာ သုတ်သင်သတ်ဖြတ်ခံရမယ့် သေခြင်းမျိုးဟာ မေ့ဖျောက်မရနိုင်အောင် စွဲထင်နေမယ့် ကိစ္စမျိုးဖြစ်နေနိုင်ပါတယ်။ မကြာသေးခင် နှစ်တွေအတွင်းမှာတင် ၄င်းဟာအမေရိကန်နဲ့ ၄င်းရဲ့မဟာမိတ်တွေကို တိုက်ခိုက်ဖို့တိုက်တွန်းတဲ့ အွန်လိုင်းမက်ဆေ့ချ်တွေ ပေးပို့ခဲ့ပါသေးတယ်။
အကယ်၍များ ဟမ်ဇာဘင်လာဒင်ရဲ့ သေဆုံးမှုကို အမှန်တကယ် အတည်ပြုလိုက်မယ်ဆိုရင် အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ အသံကိုဟစ်ကြွေးဖို့ ကိုယ်စားပြု ထွက်ပေါ်လာခဲ့တဲ့ တစ်ယောက်သော သူကို တိတ်ဆိတ်သွားစေခဲ့ပြီလို့ မှတ်ယူရတော့မှာ ပါပဲ။ သို့သော်လည်းပဲ ၄င်းသေဆုံးသွားသည့် တိုင်အောင် အဲဒီသေဆုံးခြင်းက ကမ္ဘာ့အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အဆုံးသတ်စေဦးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝမ်းနည်းစရာ အတိတ်ဆိုးတစ်ခုအဖြစ်နဲ့ အရိပ်လိုလိုက်နေဆဲ ဖြစ်လို့ပါပဲ။
ကိုးကား-အေအက်ဖ်ပီ၊ ဘီဘီစီ