ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊  မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေးဖြူးထားတာ တွေ့ရများပါတယ်။

သည်လို အစားတလိုင်းတွေရဲ့မိတ်ဆွေကြီး ငရုတ်ကောင်းက ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် –

(၁) စိတ်ကျခြင်းကို သက်သာစေခြင်း

ငရုတ်ကောင်းမှာပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေအတွက် အရမ်းကို အကျိုးပြုပါတယ်တဲ့။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်လည်းကောင်းစေပါတယ်။

သုတေသနတွေအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေတယ်လို့ဆိုပါတယ်။

(၂) အစာခြေစနစ်ကိုကောင်းစေခြင်း

အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့ အက်စစ်ဓာတ်ကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကို အားပေးပြီး အစာချေဖျက်မှု ပိုကောင်းစေပါတယ်။ လေလည်စေပြီး ချွေးထွက်ခြင်းနဲ့ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေပါတယ်။

(၃) အာဟာရစုပ်ယူမှုအားကောင်းစေခြင်း

ငရုတ်ကောင်းလေးထည့်စားရင် တခြားအစားအစာတွေထဲကနေ အာဟာရဓာတ် စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်တဲ့။

(၄) ဝိတ်ကျစေခြင်း

ကိုယ်အလေးချိန်ကျဖို့ဆိုရင် အဆီဆဲလ်တွေကို ဖြိုခွင်းနိုင်ဖို့လိုပါတယ်။ ငရုတ်ကောင်းက အဆီဆဲလ်တွေပြိုကွဲမှုကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို နှုန်းပိုမြန်စေပါတယ်။

(၅) ချောင်းဆိုးနဲ့ လည်ချောင်းနာပျောက်ကင်းစေခြင်း

ချောင်းဆိုးခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေတဲ့ အာနိသင်တွေ ငရုတ်ကောင်းမှာ ရှိပါတယ်။ ဥပမာ – ချောင်းအရမ်းဆိုးနေတဲ့အချိန် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး စားပေးနိုင်ပါတယ်။

(၆) နှလုံးကျန်းမာစေခြင်း

နှလုံးသွေးကြောနံရံတွေမှာ သွေးတွင်းအဆီတွေ ကပ်တွယ်နေတာကိုလည်း ငရုတ်ကောင်းကဖယ်ရှားပေးနိုင်လို့ atherosclerosis လို့ခေါ်တဲ့ ရောဂါကို ကာကွယ်နိုင်ပါတယ်။ atherosclerosis ဟာ နှလုံးရုတ်တရက်ရပ်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။

(၇) သွားကိုက်သက်သာစေခြင်း

ငရုတ်ကောင်းက သွားကိုက်ခြင်းနဲ့ သွားဖုံးရောဂါတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ပိုးမွှားတွေကို သေစေတဲ့အာနိသင်ကြောင့် ခံတွင်းမှာ ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ဆံပင်ဖြူခြင်းကိုကာကွယ်ခြင်း

ဆံပင်ဖြူခြင်းဟာ အသက်ကြီးသူတွေတင်မက လူငယ်လေးတွေမှာပါ ရင်ဆိုင်လာရတဲ့ပြဿနာ ဖြစ်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ သို့မဟုတ် ဆံပင်ဖြူနောက်ကျစေဖို့ နည်းရှိပါတယ်။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တစ်ဝက်ထဲမှာ ထည့်မွှေပါ။ ဦးရေပြားမှာ နှိပ်လိမ်းပေးပြီး နာရီဝက်လောက်ထားပါ။ ညင်သာစွာရေဆေးချပါ။ မကြာခဏ ပုံမှန်လုပ်ပေးရင် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါလိမ့်မယ်

(၉) အဆစ်နာဝေဒနာသည်တွေအတွက် သက်သာစေခြင်း

ငရုတ်ကောင်းကို အရေပြားမှာလိမ်းလိုက်တဲ့အခါ ပူနွေးနွေးခံစားမှုလေး သတိထားမိမှာပါ။ အဲဒါက သွေးလည်ပတ်မှု ကောင်းစေပါတယ်။ အဆစ်နာဝေဒနာရှင်တွေကို နာကျင်မှုဝေဒနာ သက်သာစေတဲ့အပြင် ယူရစ်အက်စစ်ကိုလည်း လျော့ပါးစေပါတယ်။

(၁၀) ငရုတ်ကောင်းနဲ့ အသားအရေ

ငရုတ်ကောင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်သလို သူ့ကို ဟင်းခတ်ပဲဖြစ်ဖြစ် ပုံမှန်စားပေးရင် ဝင်းလက်ပြီး ကြည်လင်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ ပျားရည် သို့မဟုတ် ဒိန်ချဉ်တို့နဲ့ ရောစပ်ပြီး exfoliator အဖြစ် ဆဲလ်သေဖယ်ရှားရာမှာသုံးနိုင်ပါတယ်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”