ဟင်္သာတ ၂၀ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းမှ (၁၁)ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးခြင်းကို ယခုလ ၂၃ ရက်နေ့မှ စတင်ကာ မိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီး အတွင်းရှိ အဆိုပါ ဖောင်ဒေးရှင်း မျက်စိခွဲစိတ် ကုသဆောင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့က မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ မျက်စိဝေဒနာရှင်တွေသိအောင် လိုက်လံကြေညာပေးထားတယ်၊ နယ်ဘက်ကျေးရွာတွေကိုတော့ ကျေးရွာအုပ်စုအုပ်ချုပ်မှူးတွေ၊ ပရဟိတအဖွဲ့တွေကူညီမှုနဲ့ ပြည်သူတွေသိအောင် လုပ်ထားတယ်၊ ဟင်္သာတခရိုင်ဆိုပေမယ့် အခြားတိုင်းဒေသကြီး၊ မြို့နယ်တွေက လာရောက်ကုသမယ်ဆိုလည်း ကုသပေးသွားမှာဖြစ်ပါတယ်” ဟု စက္ခုပါလာဒိဖောင်ဒေးရှင်း ဘဏ္ဍာရေးမှူးဦးဝင်းဇော်က ပြောသည်။
“ကားဂိတ်၊ ရထားဘူတာရုံနဲ့ ရေလမ်းကြောင်းမှ မျက်စိပြသရန် လာရောက်သူတွေကို ကြို/ပို့ ယာဉ်များနဲ့ ပို့ဆောင်ပေးမယ်၊ ခွဲစိတ်ကုသရန် လာရောက်တဲ့ လူနာနဲ့ လူနာစောင့်တစ်ယောက်အတွက် ထမင်းထုပ်များ ပေးဝေမည်ဖြစ်ပြီး ပြန်ရန်အခက်အခဲရှိသည့် လူနာများအတွက် ညပိုင်းတည်းခိုနေထိုင်ရန် မိုးကောင်းကျောင်းတိုက် သုံးထပ်ဆောင်အောက်ထပ်တွင် စီစဉ်ပေးထားကြောင်း” လည်းကောင်းက ဆက်လက်ပြောပြသည်။
အဆိုပါ မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ် ကုသခြင်းကို မိုးကောင်းကျောင်းတိုက်ဆရာတော်ကြီး၏ သြဝါဒကိုခံယူ၍ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နယ်ပယ်ဒေသ အသီးသီးမှ မျက်စိဝေဒနာရှင်များ လာရောက်စာရင်းပေးကုသနိုင်ကြောင်း သိရသည်။
စက္ခုပါလာဒိ ဖောင်ဒေးရှင်းသည် ၂၀ဝ၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မျက်စိအခမဲ့စမ်းသပ် ခွဲစိတ်ကုသမှုကို ၁၀ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး မျက်စိခွဲစိတ်ကုသသူ(၆၇၂၃)ဦး၊ မျက်မှန်တပ်ဆင်ပေးသူ(၂၄၄၂၁)ဦးနှင့် ဆေကုသမှုခံယူသည့် မျက်စိဝေဒနာရှင်(၁၂၅၂၉)ဦး၊ စုစုပေါင်းမျက်စိဝေဒနာရှင် (၄၃၈၅၁)ဦးကို အခမဲ့ကုသပေးခဲ့ကြောင်း သိရှိရပါသည်။
ကျော်ကျော်(ပြန်/ဆက်)


