ဟင်္သာတ၊ ၈ ဇွန်
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဟင်္သာတခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေက မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်အတိုင်း အဓိကအခွင့်အရေး (၄)ရပ်နဲ့ တာဝန်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အဖွဲ့ဝင်အနေဖြင့် အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဒေသဆိုင်ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးကော်မတီနှင့်ပတ်သက်၍ (အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ NSPAW)ကို လုပ်ငန်း(၁၂)ရပ် သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါးလ်က ဦးစီးဌာနလုပ်ငန်းကြီး (၇)ရပ်မှ (၁)ခုအပါအဝင်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရည်ရွယ်ချက်များ၊ CRC သမိုင်းကြောင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အခွင့်အရေး(၄)ရပ်များ အကြောင်းကို အကျယ်တဝံ့ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးအား ပုံမှန်ကျင်းပသွားရန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းများကို ဖွင့်လှစ်သွားရန်၊ ကျေးရွာအရောက် ကွင်းဆင်း အသိပညာပေးမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားရန်တို့နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်ဝန်းချမှတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


