ဟင်္သာတ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာ ဦးစီးဌာနမှ Subsoiler မြေလွှာခွဲ ကိရိယာ အသုံးပြုနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စုရှိ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် မြေနေရာတွင် ပြုလုပ်သည်။

အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများအား Subsoiler မြေလွှာခွဲကိရိယာ အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အားသာချက်များအား အမှတ်(၂) အလတ်စား စက်ပြင်အလုပ်ရုံမှုး ဦးဇော်လွင်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။ 

မြေလွှာခွဲကိရိယာ (Subsoiler) အသုံးပြုခြင်းဖြင့် သီးနှံပင်၏ အမြစ်များ မြေလွှာအောက်ခြေထိ တိုးဝင် နိုင်စေခြင်း၊ မြေလွှာအနက် တစ်ပေမှ တစ်ပေခွဲခန့်အထိ ထွန်ယက်နိုင်သဖြင့် ရေစိမ့်ဝင်မှု အားကောင်း စေခြင်း၊ မြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်းကျဆင်းမှုကို ဖြေရှင်းပေးပြီး အထွက်နှုန်း တိုးစေခြင်းနှင့် မြေလွှာအနက်တွင် ခိုအောင်းနေသော ပိုးမွှားများကို သေစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းမြို့နယ်ဦးစီးမှုး ဦးအောင်ကိုကိုတင်ထံမှ သိရသည်။

ကိုဇော် - ဟင်္သာတ