ဟင်္သာတ အောက်တိုဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ရေရရှိရေးလုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများထဲမှ ကျေးရွာ(၁၂) ရွာအား ရွေးချယ်ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ အတွင်းက အဆိုပါ ကျေးရွာများအား အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အဆောက်အအုံများ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချခြင်း၊ ရေ လေလွင့်ဆုံးရှုံးမှုလျှော့ချခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စွမ်းအင်ရရှိမှုနှင့် အကျိုးရှိစွာ အသုံးချခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် စီမံခြင်း၊ ဓာတုဗေဒ စိုက်ပျိုးပစ္စည်းများ သုံးစွဲခြင်းကို လျော့ချခြင်း၊ မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာ တိုက်စားမှု ကာကွယ်ခြင်းစသည့် လိုက်နာရမည့် အခြေခံ အချက်များအား သင်တန်း ပို့ချပေးခဲ့သည်။
သင်တန်းပို့ချပေးခဲ့သည့် ကျေးရွာများထဲမှ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ စံပြကျေးရွာရွေးချယ်ခဲ့သော မရမ်းချိုကျေးရွာအုပ်စုမှ မရမ်းချိုကျေးရွာသို့ ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဆွေ (လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)နှင့်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ အား အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး သဘောတရားများနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကိုဇော် - ဟင်္သာတ