ဟင်္သာတ၊ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်း နေထိုင်သော ပြည်သူများအတွက် "လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊ ကျေးရွာနေ ပြည်သူထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကျောင်းကွင်းကျေးရွာအုပ်စု၊ ကျောင်းကွင်းရွာရှိ (အတွင်းဘုန်းတော်ကြီးကျောင်း) အာရုံခံတန်ဆောင်းတွင် ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လ.ဝ.ကမှူး ဦးမျိုးဝင်းအောင် ဦးဆောင်၍ တိုက်နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အိမ်ထောင်စုလူဦးရေ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၁၁၉ ဦး စုစုပေါင်း ၂၄၃ ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ လိပ်ချောင်းကျေးရွာအုပ်စုနှင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းများကို ဆက်လက်ကွင်းဆင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစိုးမြင့်အောင်ထံမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)


