ဟင်္သာတ ၂၅ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲရေးစီမံကိန်း(VDP)တွင် ပါဝင်သည့် ကျေးရွာပေါင်း (၁၆)ရွာ၌ ဆောင်ရွက်လျှက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေး တာဝန်ခံဝန်ထမ်းများက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းဝင်ကျေးရွာများတွင် တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀ သန်းနှင့် ပြည်သူစုပေါင်း ထည့်ဝင်ငွေတို့ဖြင့် ပြည်သူလူထုကိုယ်တိုင် ဒေသ၏ ပကတိလိုအပ်ချက်များကို အဓိကရွေးချယ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရသည့် စီမံကိန်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါကျေးရွာ(၁၆)ရွာ၌ လမ်းခင်းခြင်းလုပ်ငန်း(၁၃)ခုနှင့် မီးရရှိရေးလုပ်ငန်း(၄)ခုတို့ကို အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလအကုန်တွင် လုက်ငန်းအားလုံးပြီးစီးမည်ဖြစ်ရာ အိမ်ထောင်စု(၁၁၉၉)စုမှ လူဦးရေ (၁၂၅၂၃)ဦးတို့၏ မီးရရှိရေးနှင့် လမ်းပမ်းဆက်သွယ်ရေးလိုအပ်ချက်များကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


