ဟင်္သာတ ၃၀ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဖောင်ဆိပ်၊ ငှက်ပျောတောနှင့် အိပ်ပျက်ကျေးရွာတို့တွင် ဧရာဝတီမြစ် ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ဧပြီလလယ်လောက်ကစပြီး မြစ်ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်၊ လူနေအိမ်တွေနဲ့ နီးကပ်လာလို့ ယနေ့အချိန်အထိ ပြောင်းရွှေ့ရတဲ့နေအိမ် (၆၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ကမ်းပြိုဘေးလွတ်ရာသို့ ပြောင်းရွှေ့ရတဲ့နေအိမ်များအတွက် မြေနေရာချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း” အိပ်ပျက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့အထိ ဖောင်ဆိပ်ကျေးရွာမှ လူနေအိမ် ၄၆ လုံး၊ ငှက်ပျောတောကျေးရွာမှ လူနေအိမ် ၁၇ လုံးနှင့် တာငုပ်ကျေးရွာမှ လူနေအိမ် ၅ လုံးတို့ ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါကျေးရွာများမှ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ကူညီမှုများ ပြုလုပ်ထားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတနာရှင်ပြည်သူများက နေ့စဉ် ထမင်းထုပ်၊ သောက်ရေနှင့် အစားအစာ၊ ငွေကြေး လှူဒါန်းမှုများနှင့် နေအိမ်ပြောင်းရွှေ့မှုများတွင် လုပ်အားဒါနများ ကူညီလုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)