ဟင်္သာတ ၁၈ မတ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးဘေစင်များ ထားရှိလှူဒါန်းပေးခြင်းကို မတ်လ ၁၈ ရက် နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အထက (၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ စုပေါင်းလှူဒါန်းငွေနဲ့ ဒီလက်ဆေးဘေစင်တွေကို လှူဒါန်းတာဖြစ်တယ်။ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ အော်ရီဒူး ဆက်သွယ်ရေးတို့ ပူးပေါင်းပြီး နေပူဒဏ်ကာကွယ်နိုင်အောင် ထီးအမိုးတွေ ဖြည့်စွက် လှူဒါန်းပေးတော့ ပိုပြီးပြည့်စုံသွားရပါတယ်။ အဓိကကတော့ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးထိရောက်တယ်ဆိုတဲ့အတိုင်း တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အများပြည်သူ အကျိုးရှိစွာ အသုံးပြုနိုင်အောင် ခုလိုလုပ်ရတာဖြစ်ပါတယ်” ဟု ဦးသန်းဇော်ဦးက ပြောသည်။

အဆိုပါ လက်ဆေးဘေစင် ထားရှိပေးခြင်းများကို သီးခြားအလှူရှင်များ၏ ထပ်မံလှူဒါန်းငွေဖြင့် လူဝင် လူထွက်များသည့် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့ စာကြည့်တိုက်နှင့် ပြည်သူ့ဆေးရုံကြီးတို့တွင် ဆက်လက်တပ်ဆင်ပေးနေပြီး အခြားလူစည်ကားသည့် နေရာများတွင် ထားရှိပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


