ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဟင်္သာတ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို မေလ ၃ ရက်နေ့မှစတင်၍ ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်း‌‌ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ လဝကမှူးများ ခေါင်းဆောင်၍ တိုက်နယ် တာဝန်ခံဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းရှိ အသက် (၁၆)နှစ်အထက် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများကိုအိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၅၈၇)ဦး၊ မ (၆၉၇) ဦးစုစုပေါင်း လူဦးရေ (၁၂၈၄)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၃၇၂) စု တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ပြည်သူများထံသို့လည်း ပန်းခင်းစီမံချက်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
      
ကိုဇော် (ပြန်/ဆက်)