ဟင်္သာတ ၁၁ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပဲပုပ်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်မောင်းက အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် သတင်းအချက်အလက်များအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပဲပုပ်သီးနှံ၏ ပြည်ဈေးကွက်အလားအလာ၊ ပဲတီစိမ်းတန်ဖိုးမြှင့်ထုတ်လုပ်ခြင်းနှင့်(EU)ဈေးကွက် အခြေအနေနှင့် မြန်မာနိုင်ငံနှင့်ပဲပုပ်စိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေတို့ကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် “ဆန်းသစ်တီထွင်မှုများနှင့် အကျိုးအမြတ်ရရှိနိုင်သော ပြည်တွင်းပဲပုပ်ဈေးကွက်” ခေါင်းစဉ်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်မောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာအောင်၊ စိုက်ပျိုးရေး သွင်းအားစုကဏ္ဍကိုယ်စားလှယ် ဦးဝင်းဇော်အေး၊ ဦးမြင့်သိန်းဦး(မြန်မာနိုင်ငံပဲ/နှမ်းကုန်သည်အသင်းခွဲဥက္ကဌ၊ ဧရာဝတီတိုင်းဒေသကြီး)၊ စိမ်းလန်းဝေတောင်သူဝန်ဆောင်မှုကွန်ယက်မှ မန်နေဂျာ ဒေါ်စောရွှေ၊USAID မှ ဦးသက်ထွန်းအောင် နှင့် ရိုးမဘဏ်တာဝန်ခံ ဦးကျော်နိုင်ဦးတို့က စကားဝိုင်းဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီး ဟင်္သာတခရိုင်ရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်၊ ဟင်္သာတမြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပဲမျိုးစုံစိုက်ပျိုးသည့်တောင်သူ ၄၀ဝ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ကျော်ကျော်(ပြန်/ဆက်)


