ဟင်္သာတ ၂၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ဟင်္သာတခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပေးအပ်လှူဒါန်းမှုများအတွက် ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာအောင်မြင့်ဦးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဆေးရုံတွင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဟင်္သာတမြို့နယ် ပဲနှမ်းကုန်သည်များအသင်းဥက္ကဌဦးမြင့်သိန်းဦး က အလှူငွေ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဟင်္သာတ ကုန်စည်ဒိုင်အဖွဲ့က ဟင်္သာတ ပြည်သူ့ဆေးရုံကြီးတွင် Portable X-ray ဝယ်ယူရန် လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း(၅၀)၊ ရောဂါကာကွယ် ကုသရေးအသုံးပြုရန်အတွက် ဟင်္သာတ တက္ကသိုလ်မိသားစုက ငွေကျပ်သိန်း(၃၀) နှင့် ဦးဝင်းဇော်၊ ဇနီး သီဟသုဓမ္မ သိင်္ဂီဒေါ်စန်းရှင်(မိသားစုရွှေဆိုင်)က လှူဒါန်းသည့် ငွေကျပ်(၁၀) သိန်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ဟင်္သာတခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ နှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းလျက်ရှိရာ မတ် ၂၆ ရက်အထိ လှူဒါန်းငွေ( ၂၂၄.၃)သိန်း ကျပ်၊ Ventilator စက်(၂)စုံဝယ်ယူရန် အမေရိကန်ဒေါ်လာ ၃၁၀ဝ၀ နှင့် PPE ဝတ်စုံ(၈၀)နှင့် အခြားသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများအား စေတနာရှင်ပြည်သူများက လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


