နေပြည်တော်၊ ဒီဇင်ဘာ ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဥ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI) ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နည်းပညာပေးသင်တန်းများ ဆောင်ရွက်ထားရှိမှု၊ ဟင်းသီးဟင်းရွက် လေလွင့်ဆုံးရှုံးမှုများ စစ်တမ်းကောက်ယူခြင်းနှင့် ရေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် စီမံခန့်မှုဆိုင်ရာနည်းပညာများ တိုးတက်လာစေရေးနှင့် သုတေသန ရလဒ် ဖြန့်ဝေရေး လုပ်ငန်းများ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာခြင်းဖြင့် လယ်ယာထွက်ကုန်များ၏ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေပြီး ကြာရှည်အထားခံနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး လူနေမှုဘဝ မြင့်မားလာစေရန် ကြိုးပမ်းပေးကြစေလိုကြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဓါတ်တုဆေးဝါးများ မသုံးစွဲပဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ကြရန်၊ ဟင်းသီးဟင်းရွက် ရောင်းချသူအစုအဖွဲ့များအား ဓာတုဆေးများမသုံးပဲ တာရှည်ထားနိုင်သည့် နည်းပညာများ ရှင်းပြ အသိပညာပေးခြင်းကိုလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ လက်တွေ့ကျပြီး ပိုမိုထိရောက်အကျိုးရှိမည့် နည်းပညာများ ဖော်ထုတ် ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီးနှံများဆွတ်ခူး ရိတ်သိမ်းပြီးချိန် နောက်ပိုင်းကာလ လုပ်ငန်းစဉ်များ၏ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊ အရည်အသွေး တိုင်းတာခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ စမ်းသပ်ခြင်းနှင့် အစားအစာ ဘေးကင်းလုံခြုံမှု သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်