“ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ မျိုးစပ်ခြင်း ၊ သုတေသနပြု ထိန်းသိမ်းရန်အတွက် စုဆောင်းခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်း”

 “ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ မျိုးစပ်ခြင်း ၊ သုတေသနပြု ထိန်းသိမ်းရန်အတွက် စုဆောင်းခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်း” နှင့် “ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အရည်အသွေးထိန်းသိမ်းနိုင်ရန်နှင့် ကြာရှည်သိုလှောင်ထားနိုင်ရန်အတွက် ထုပ်ပိုးခြင်း” စီမံကိန်းများ  ပြီးမြောက်အောင်မြင် 

နေပြည်တော် မတ် ၃၀

“ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များအား မျိုးစပ်ခြင်း ၊ သုတေသနပြု ထိန်းသိမ်းရန် အတွက် စုဆောင်းခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း စီမံကိန်း” နှင့် “ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အရည်အသွေး ထိန်းသိမ်းနိုင်ရန်နှင့် ကြာရှည်သိုလှောင်ထားနိုင်ရန် အတွက် ထုပ်ပိုးခြင်းစီမံကိန်း” များ  ပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ  အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)၏  ဒုတိယဥက္ကဌ ဦးဝင်းဇေယျာထွန်း ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ မဲခေါင်-လန်ချန်း စီမံကိန်း တာဝန်ရှိသူများ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ် တောင်သူများ နှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

မဲခေါင်- လန်ချန်း အထူးရန်ပုံငွေအစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်း စုစုပေါင်း (၁၉)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသော ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲက တာဝန်ယူဆောင်ရွက်ခဲ့သည့် စီမံကိန်း(၂)ခု ကို မဲခေါင်-လန်ချန်း စီမံကိန်းများ၏ တတိယအသုတ်အဖြစ် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ခုနှစ်၊ မတ်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမစီမံ ကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးရှိ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သုတေ သနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC)၊ မန္တလေးတိုင်းဒေသကြီး ထုံးဘိုရှိ အထက်မြန်မာပြည် အော်ဂဲနစ်သုတေသနဌာန (VFDC)၊ ပြင်ဉီးလွင်နှင့် ရှမ်းပြည်နယ် ဟဲဟိုးဒေသများတွင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းစဉ်များအရ ရုံးပတီ၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရုံ၊ ကြက်ဟင်းခါး တို့၏ မျိုးဗီဇများအား စုဆောင်းပြီး VFRDC တွင် မှတ်တမ်းတင်ခြင်း၊ မျိုးစေ့ထုတ်ခြင်းနှင့် ကုဒ်နံပါတ်များသတ်မှတ်ခြင်း၊ စုဆောင်းထားသည့် သီးနှံအလိုက် Germplasm မျိုးများကို နှိင်းယှဉ်လေ့လာခြင်း၊ မျိုးရွေးချယ်ခြင်း၊ ဟင်းသီး ဟင်းရွက်မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းများဖွင့်လှစ်ပေးခြင်း၊ VFRDC တွင် မျိုးစေ့သိုလှောင် သည့် အအေးခန်း တည်ထောင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ဒုတိယစီမံကိန်းကို စီမံကိန်းဒေသများတွင် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ အရည်အသွေးထိန်းသိမ်းနိုင်ရန်နှင့် ကြာရှည် သိုလှောင်ထားနိုင်ရန်အတွက် စာတွေ့လက်တွေ့သင်တန်းများ ဆောင်ရွက်ပေးခြင်း၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ မဲခေါင်-လန်ချန်း ဒေသအတွင်း သရက်နှင့် ဖရဲကဲ့သို့သော သစ်သီးများ၏ အရည်အသွေးကောင်းများ ထိန်းသိမ်းရန်နှင့် ဘေးကင်းစေရန်အတွက် ထုပ်ပိုးမှုစနစ်များ အဆင့်မြင့်လာစေရန် လက်တွေ့သင်တန်းများ ဆောင်ရွက်ခြင်း၊ စားသုံးသူများသို့ ရောက်သည်အထိ သင့်လျော် သောထုပ်ပိုးမှုများကို အသုံးပြုခြင်းဖြင့် ရိတ်သိမ်းချိန်လွန် လေလွင့် ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အတွက် ထုပ်ပိုးမှုများအား လစဉ်စစ်ဆေးခြင်း၊ တွေ့ရှိချက်များ ဖြန့်ဝေခြင်း၊ တောင်သူ စိုက်ခင်းများနှင့် ဈေးကွက်များသို့ သွားရောက်၍ အသိပညာပေးခြင်းနှင့် နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်းကို ကျေးလက်နေ ပြည်သူများ က ဒုတိယဦးစားပေး သီးနှံအဖြစ် လုပ်ကိုင်လျက်ရှိရာ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် ဟင်းသီး ဟင်းရွက် တစ်ဧက အထွက်နှုန်းနှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန် မျိုးကောင်းမျိုး သန့်မျိုးစေ့များ စိုက်ပျိုးရာသီအမီ အလွယ်တကူ သုံးစွဲနိုင်ရေးနှင့်  အစားအစာ ဘေးကင်း လုံခြုံရေး၊ သီးနှံလေလွင့် ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် ရိတ်သိမ်းချိန် လွန်နည်းပညာများ ကျယ်ပြန့်ထိရောက်စွာအသုံးပြုနိုင်ရန် ယခုစီမံကိန်းလုပ်ငန်းများက အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်