ဟန်ချက်ညီ လက်တွဲမှ ဒီမိုကရေစီ နိုင်ငံဖြစ်ထွန်း

နေပြည်တော် ၂၄ ဖေဖော်ဝါရီ

 

သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝ ရရှိစေရန်၊ သတင်းမီဒီယာလုပ်ငန်းများ လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝ ကျင့်သုံးဆောင်ရွက်နိုင်ရန်၊ လိုအပ်နေသည့် အချို့ကိစ္စရပ်များ၊ အခက်အခဲများကို ကျန်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များနှင့် တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာရန်၊ ဒီမိုကရေစီကူးပြောင်းရေးတွင် မရှိမဖြစ်လိုအပ်သည့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာဖြစ်ပေါ်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအကြိမ်) ကို ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။

 

ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်ဟူသည့် ဥပဒေပြုရေး မဏ္ဍိုင်၊ အစိုးရဟူသည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားရေးဟူသည့် တရားစီရင်ရေးမဏ္ဍိုင်နှင့် မီဒီယာဟူသည့် စတုတ္ထမဏ္ဍိုင်တို့သည် မရှိမဖြစ် ရှိရမည့် မဏ္ဍိုင်ကြီးလေးရပ် ဖြစ်ပါသည်။ အချိုးညီမျှတသည့် ခြေလေးချောင်းရှိသော စားပွဲခုံတစ်လုံးသည် ကြမ်းပြင်ပေါ်တွင် တည့်မတ်ခိုင်မာစွာ ရပ်တည်နေသကဲ့သို့ နိုင်ငံတစ်နိုင်ငံ တည့်မတ်ခိုင်မာစွာ ရပ်တည်နေရေးအတွက် စားပွဲခြေလေးချောင်း ထောက်ကဲ့သို့ ဒီမိုကရေစီနိုင်ငံရှိ မဏ္ဍိုင်ကြီး လေးရပ်သည်လည်း စုစုစည်းစည်းတည်ရှိကာ တစ်ခုနှင့်တစ်ခု အမှီသဟဲပြု၍ အပြန်အလှန် ထိန်းကျောင်းရပ်တည်နေဖို့ လိုအပ်ပါသည်။

 

မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အာဏာသည် ပြည်သူထံမှ ဆင်းသက်သည်ဟု ဖော်ပြထားပါသည်။ ပြည်သူများသည် နိုင်ငံသား အခြေခံရပိုင်ခွင့်များရှိပြီး နိုင်ငံသားများသည် တိုင်းပြည်၏ အကြောင်းကိစ္စများကို စီမံခန့်ခွဲပိုင်ခွင့်ရှိပါသည်။ တစ်နည်းဆိုလျှင် တိုင်းပြည်၏ စီမံခန့်ခွဲမှုအာဏာသည် ပြည်သူ့ထံတွင်ရှိပါသည်။ သို့သော် သန်းပေါင်းများစွာရှိသော ပြည်သူတစ်ဦးချင်းအနေဖြင့် အဆိုပါအာဏာကို ကိုယ်တိုင်ကျင့်သုံးရန် ခက်ခဲသဖြင့် ပြည်သူများ ဆောင်ရွက်စေချင်သည့် ကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးချယ်တာဝန်ပေးလိုက်ပါသည်။

 

မဏ္ဍိုင်သုံးရပ်၏ အာဏာသုံးရပ်သည် ပြည်သူတို့ ပိုင်ဆိုင်သည့် အာဏာကို ပေးအပ်ထားခြင်းဖြစ်ပါသည်။ ထိုအာဏာများ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများက မိမိတို့ပေးအပ်လိုက်သည့် အာဏာများကို မှန်မှန်ကန်ကန် သုံးစွဲခြင်း ရှိ၊ မရှိ၊ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိစောင့်ကြည့်၊ ဝေဖန်၊ ထောက်ပြ၊ ကန့်ကွက်၊ တားဆီးစသည်တို့ကို ဥပဒေနှင့်အညီ ပြုလုပ်ပေးရန် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုသည့် စတုတ္ထမဏ္ဍိုင်ဟုခေါ်ဆိုသော သတင်းမီဒီယာက ဆောင်ရွက်ရပါသည်။ သို့မှသာ ဒီမိုကရေစီနည်းလမ်းကျသည့် နိုင်ငံဖြစ်ပေလိမ့်မည်။

 

စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများသည် အများပြည်သူ အကျိုးစီးပွားကို ရှေးရှုရမည်ဖြစ်၍ မှန်ကန်တိကျ ဘက်လိုက်မှုကင်းပြီး မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးပါသည်။ ပြည်သူ့ကိုယ်စား ဆောင်ရွက်ရသည့် မဏ္ဍိုင်ကြီးသုံးရပ်ကလည်း စတုတ္ထမဏ္ဍိုင်အပေါ် နားလည်မှုရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အရေးကြီးပါသည်။ မဏ္ဍိုင်ကြီးသုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်တို့အကြား နားလည်မှု မရှိ၊ ပူးပေါင်းဆောင်ရွက်မှု မရှိပါက သတင်းမှားများ၊ အကျိုးထိခိုက်စေမှုများ၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပြည်သူများအပါအဝင် မဏ္ဍိုင်လေးရပ်တို့အကြား အထင်အမြင်လွဲမှားမှုများနှင့် အမုန်းတရားများ ဖြစ်လာနိုင်ပါသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီစနစ်ကို နှစ်ကြိမ် ဖော်ဆောင်ခဲ့ပါသည်။ ပထမအကြိမ် ပါလီမန် ဒီမိုကရေစီခေတ်ကာလက ဩဇာကြီးမားသော၊ သိက္ခာရှိသော စတုတ္ထမဏ္ဍိုင် ပေါ်ပေါက်ခဲ့ပြီး ကျန် မဏ္ဍိုင်ကြီးသုံးရပ်နှင့် အပြန်အလှန် ထိန်းကျောင်းမှုရှိခဲ့သည့် မီဒီယာတစ်ခေတ် ဖြစ်ခဲ့ပါသည်။ ဒုတိယအကြိမ် ဒီမိုကရေစီကူးပြောင်းသည့်ကာလတွင်လည်း ဩဇာရှိသော၊ သိက္ခာရှိသော၊ သမာသမတ်ကျသော စတုတ္ထမဏ္ဍိုင်ကြီး ပေါ်ပေါက်လာရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

သို့ဖြစ်ရာ ဒီမိုကရေစီနည်းလမ်းကျသော နိုင်ငံဖြစ်ပေါ်လာရေးအတွက် ယခုကဲ့သို့ မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို ကြိုဆိုရမည်ဖြစ်သလို အလုပ်ရုံဆွေးနွေးပွဲများမှ ပေါ်ထွက်လာမည့် ရလဒ်ကောင်းများသည် မဏ္ဍိုင်ကြီးလေးရပ် ဟန်ချက်ညီစွာဖြင့် ခိုင်ခိုင်မာမာ ဖြစ်တည်စေနိုင်သည်ဖြစ်၍ နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို ရှေးရှုပြီး လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

 

(ကြေးမုံ)