၂၃ သြဂုတ်
အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံရှိကဏ္ဍတစ်ခုကိုပြသမည်ဆိုပါလျှင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်ကို ညွှန်းဆိုပြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်လျက်ရှိရာတွင် သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားဖြစ် စတင်လည်ပတ်နေသောဇုန်ကြီး ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ဩဂုတ်လ ၂၁ ရက်က သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ပြီး အထူးစီးပွားရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ သီလဝါအထူးစီးပွားရေးဇုန်အတွက် အချင်းချင်းဆက်သွယ်ဆောင်ရွက်ရာတွင် Coordination နှင့် Cooperation ရှိရန် အရေးကြီးကြောင်း၊ ဌာနဆိုင်ရာအချင်းချင်းဆက်ဆံရာတွင် Coordination သည် အရေးကြီးသကဲ့သို့ ပြည်သူများနှင့်ဆက်ဆံရာတွင်လည်းကောင်း၊ ကုမ္ပဏီများနှင့်ဆက်ဆံရာတွင်လည်းကောင်း Cooperationသည်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
စီမံကိန်းလုပ်ငန်းဖြစ်စေ၊ အခြားမည်သည့် လုပ်ငန်းကိုဖြစ်စေ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် Coordination နှင့် Cooperation ရှိရန် အရေးကြီးပေသည်။ Coordination ဟန်ချက်ညီညီညှိနှိုင်းဆောင်ရွက်နိုင်မှုနှင့် Cooperation ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်နိုင်မှုရှိမှသာ လုပ်ငန်းတစ်ခုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ အများပြည်သူနှင့်သက်ဆိုင်သော လုပ်ငန်းများကိုဆောင်ရွက်ရာ၌ တစ်ခုနှင့်တစ်ခု ဆက်စပ်ဆောင်ရွက်ရလေ့ရှိရာ ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းလေ့ရှိသည်။
ယခု သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကို အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဦးဆောင်မှုကောင်းခြင်းတို့ကြောင့် ဌာနဆိုင်ရာအချင်းချင်း ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ကုမ္ပဏီများ၊ ပြည်သူများနှင့်ဆက်ဆံရာတွင် ပူးပေါင်းဆောင်ရွက်မှုကောင်းခြင်းတို့ဖြစ်ထွန်းခဲ့သည်။ ထို့ကြောင့် သီလဝါအထူးစီးပွားရေးဇုန်သည်အောင်မြင်မှုရှိသည့် စီးပွားဖြစ် စတင်လည်ပတ်နေပြီဖြစ်သော လုပ်ငန်း တစ်ခုဖြစ်လာသည်။
သီလဝါအထူးစီးပွားရေးဇုန် (အေ) ၄၀၅ ဟက်တာကို ၂၀၁၅ ခုနှစ်စက်တင်ဘာ ၂၃ ရက်တွင် စီးပွားဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းပေါင်း ၈၇ ခုကိုခွင့်ပြုမိန့်ထုတ်ပေးထားသည်။ ဇုန်(ဘီ)ကို အဆင့်လိုက်ဆက်လက်အကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းပေါင်း ၁၈ ခုကို ခွင့်ပြုမိန့်ထုတ်ပေးထားသည်။ လက်ရှိတွင် နိုင်ငံပေါင်း ၂၀ မှ လုပ်ငန်းပေါင်း ၁၁၃ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့အနက် လုပ်ငန်း ၇၆ ခုမှာ စီးပွားဖြစ်လည်ပတ်လျက်ရှိပြီး လုပ်ငန်း ၂၀ ကျော်မှ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသည်။
အထူးစီးပွားရေးဇုန် (အေ) တွင် နားကြပ်၊ စပီကာ၊ ဟန်ဖုန်းထုတ်လုပ်သည့် စက်ရုံများ၊ ဆေးဝါးနှင့် အစားအသောက်ထုတ်လုပ်သည့် စက်ရုံများ နှင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံများရှိပြီး ကုန်ထုတ်လုပ်သည့်စက်ရုံများသာမက လူနေထိုင်သည့် အဆောက်အအုံများပါဝင်ကာ အမြဲတမ်းလုပ်သား ၉၀ဝ၀ ကျော်၊ ယာယီလုပ်သားများအပါအဝင် လုပ်သား ၂၀ဝ၀ဝ ကျော် လုပ်ကိုင်လျက်ရှိသည်။ အထူးစီးပွားရေးဇုန်လည်ပတ်မှု ကောင်းမွန်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများက ဝန်ဆောင်မှုပေးသည့် One Stop Service Center (OSSC) ရုံးဖွင့်လှစ်ပေးထားသည်။
သို့ဖြစ်ရာ နိုင်ငံ၏စီးပွားရေးအောင်မြင်ဖြစ်ထွန်းမှုများ တိုးပွားလာစေရန်အတွက် သီလဝါအထူးစီးပွားရေးဇုန်ကိုနမူနာထားကာ အခြားစီးပွားရေးလုပ်ငန်းများတွင်လည်း ဟန်ချက်ညီညီ ညှိနှိုင်းပေါင်းစပ် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ