ရန်ကုန် ၁၇ နိုဝင်ဘာ
မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ ကျင်းပသည့် ဟံသာဝတီဦးဝင်းတင် ရေးသားပြုစုသော ခြေမှာစကား လက်ဖျားကဗျာမျက်နှာဇာတ်လမ်းစာအုပ် လှူးဒါန်းပွဲနှင့် အမှတ်တရ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းနာယက ဦးရဲထွဋ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မန္တလေးသိန်းဇော်နှင့် ဆရာချစ်ဦးညိုတို့က ဆရာဟံသာဝတီ ဦးဝင်းတင် ရေးသားပြုစုခဲ့သည့် ခြေမှာစကား လက်ဖျားကဗျာမျက်နှာဇာတ်လမ်းစာအုပ် ဖြစ်ပေါ်လာပုံနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားကြသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဇာတ်သဘင်ပညာဌာန နည်းပြ ဒေါ်ခိုင်မာလွင်က တပင်တိုင်အကဖြင့် ကပြဖျော်ဖြေပြီး ဟံသာဝတီဦးဝင်းတင်နှင့်အတူ အနောက်ဥရောပခရီးသို့ သွားရောက်ခဲ့သူ ဦးသန်းစိန်နှင့် ဒေါ်အမာစိန်တို့က အမှတ်တရစကား ပြောကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးနန်းဝင်းက အနုပညာအထက်တန်းကျောင်း (ရန်ကုန်၊ မန္တလေး)အတွက် အုပ်ရေ ၃၀၊ ပန်းချီ၊ ပန်းပု ကျောင်း (ရန်ကုန်၊ မန္တလေး)သို့ အုပ်ရေ ၃၀၊ သဘင်ဖောင်ဒေးရှင်းနာယက ဆိုင်းဆရာကြီး ဦးစိန်တင့်လွင် က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)အတွက် အုပ်ရေ ၅၀၊ နာယကပန်တျာ ဦးမြကြည်က မြန်မာနိုင်ငံ သဘင်အစည်းအရုံးသို့ အုပ်ရေ ၅၀၊ ဒုတိယဥက္ကဋ္ဌ တစ်ခိုင်လုံးရွှေ ဒေါ်အေးအေးမြင့်က မြန်မာနိုင်ငံ ဆိုင်းဂီတအသင်းသို့ အုပ်ရေ ၅၀ တို့ကို လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံကြသည်။
ထို့နောက် ရွှေမြန်မာရုပ်စုံအမြင့်သဘင်အဖွဲ့က မြိုင်ထနှစ်ပါးသွား ရုပ်သေးအက၊ ဇော်ရုပ်သေးအက တို့ကို ကပြဖျော်ဖြေကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များက မုဒိတာစကား ပြောကြားကာ မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်း က ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့စာအုပ်လှူဒါန်းပွဲနှင့် စပ်လျဉ်း၍ မန္တလေးသိန်းဇော်က``ဒီနေ့စာအုပ် လှူဒါန်းရတဲ့ ရည်ရွယ်ချက်က မြန်မာ့သဘင်ပညာရဲ့ ခိုင်ခိုင်မာမာ အနှစ်သာရပါပါ အောင်လံထူခဲ့တဲ့ သမိုင်းကြောင်းကို မှုန်ဝါးမသွားစေချင်ဘူး။ ဒါကို မြန်မာ့သဘင် သမိုင်းမှာပဲဖြစ်ဖြစ် မြန်မာလူမျိုးရဲ့ သမိုင်းမှာပဲ ဖြစ်ဖြစ် အထင်ကရတည်မြဲသွားအောင် လို့ နေရာချထားဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ခြေမှာစကားလက်ဖျားကဗျာမျက်နှာ ဇာတ်လမ်းဆိုတာ ဆရာကြီးရေးခဲ့တုန်းကလည်း သဘင်ပညာရှင်ကြီး ဒေါ်အမာစိန်ရဲ့ ကဟန်ကကွက်တွေကို စိတ်ကူးခံစားပြီး ပေါ်ပေါက်လာတဲ့ အသုံးအနှုန်းဖြစ်တော့ ဆရာမကြီးကို ဂါရဝပြုတဲ့အနေနဲ့ တပင်တိုင်အကကို ဒီကနေ့မှာ တင်ဆက်တာပါ။ သဘင်ပညာကို မြတ်နိုးတဲ့သူဖြစ်ဖြစ် ဘဝရပ်တည်ဖို့ သင်ကြားနေတဲ့ မျိုးဆက်တွေပဲ ဖြစ်ဖြစ် ဘဝရပ်တည်ဖို့ မိမိတို့ ရွေးချယ်ထားတဲ့ မိမိတို့ ချစ်မြတ်နိ်ုးတဲ့ ပညာကိုကမ္ဘာ အထိ အစမ်းသပ်ခံနိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကို သူတို့ရင်ထဲကိုအားအဖြစ် ထည့် ပေးချင်တာပါ။ မြန်မာလူမျိုးနဲ့ မြန်မာ့ဂီတအနုပညာတွေကို ကမ္ဘာမခြားစေချင်ဘူး ´´ ဟု ပြောသည်။
ဆရာချစ်ဦးညို က "မြန်မာ့သဘင်ကို အဆင့်မြှင့်ဖို့အတွက် မြန်မာ့အနုပညာကို ကမ္ဘာကသိဖို့အတွက် လှုပ်ရှားခဲ့တဲ့နေရာမှာ ၁၉၇၀ ခုနှစ်တုန်းက လူကြီးတွေ ဘယ်လောက်တာဝန် ကျေခဲ့ကြသလဲဆိုတာ ဒီခေတ်လူငယ်တွေ၊ သက်ဆိုင်ရာတာဝန် ရှိသူတွေရော၊ အနုပညာရှင်တွေ၊ သဘင်ပညာရှင်တွေအနေနဲ့ သူတို့လည်း တာဝန်ကျေ သင့်ပါသလားဆိုတဲ့ စိတ်ကလေးပေါ်လာရင် ဒီပွဲကျင်းပရကျိုးနပ်ပြီ။ မြန်မာ့သဘင်ရဲ့ အဆီအနှစ်တွေကို ပြန်လည်ဖော်ထုတ်ဖို့သင့်ပါတယ်။ မြန်မာ့သဘင်လောကအခြေ အနေက တက်လည်းမတက်ဘဲ အိဆင်းနေတယ်လို့ ပြောချင်ပါတယ်။ သဘင်ပညာရှင် များအနေနဲ့ မိမိတို့သဘင်နဲ့ ပတ်သက်တဲ့စာပေတွေ ဖတ်ကြပါလို့ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
ယနေ့တွင် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းက ``ခြေမှာစကားလက်ဖျားကဗျာ မျက်နှာ ဇာတ်လမ်း´´စုစုပေါင်းစာအုပ်ရေ၅၀ဝ ကိုလှူဒါန်းခဲ့သည်။ အဆိုပါစာအုပ်ကို ၁၉၇၀ ခုနှစ်တွင် မြန်မာ့ယဉ်ကျေးမှုကဇာတ်အဖွဲ့က အနောက်ဥရောပသို့ မြန်မာ့အနု သုခုမပညာကို သွားရောက်ပြသခဲ့သော ခရီးသွားမှတ်တမ်းအကြောင်းကို ဟံသာဝတီ ဦးဝင်းတင်က ပြုစုရေးသားခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)


