မက်ဒရစ် မေ ၁၀
ဟန်တာဗိုင်းရပ်စ်ဖြစ်ပွားသည့် အပျော်စီးသင်္ဘောပေါ်မှ ခရီးသည်အားလုံး ယနေ့ သင်္ဘောမှ စွန့်ခွာခဲ့ကြောင်း သိရသည်။
သင်္ဘောပေါ်တွင် မည်သူမျှ ရောဂါလက္ခဏာထပ်မံပြသခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
သင်္ဘောသည် စပိန်နိုင်ငံ၏ ကာနာရီကျွန်းစုတစ်ခုဖြစ်သည့် တီနီရီဖီကျွန်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့သည်။ သင်္ဘောဆိုက်ကပ်မှုကြောင့် ကျွန်းပေါ်နေဒေသခံများအတွက် အန္တရာယ်မရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
ပထမဆုံးခရီးသည်အုပ်စုဖြစ်သည့် စပိန်နိုင်ငံသားအားလုံးသည် မေ ၁၀ ရက် နံနက်ပိုင်းတွင် သင်္ဘောပေါ်မှ စတင်ထွက်ခွာခဲ့ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရောဂါလက္ခဏာရှိသူ မည်သူမဆို နယ်သာလန်နိုင်ငံသို့ ဆေးကုသရန်အတွက် လေယာဉ်ဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
ဆိပ်ကမ်းရှိ အလုပ်သမားအချို့က အပျော်စီးသင်္ဘောဆိုက်ကပ်မှုကို ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့၏ အလုပ်အကိုင်များကိုခြိမ်းခြောက်ပြီး ကျန်းမာရေးကိုပါထိခိုက်စေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ် သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရော့စ် အက်ဒါနွမ် ဂါဘရီယီဆက်စ်က အဆိုပါဆိပ်ကမ်းသို့ မေ ၉ ရက်တွင် သွားရောက်ကာ ဟန်တာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ လူထုကျန်းမာရေးအန္တရာယ် ဖြစ်ပွားမှုမရှိနိုင်ကြောင်း ကျွန်းပေါ်နေပြည်သူများအား ကျန်းမာရေးအသိပညာပေးပြောကြားခဲ့သည်။
ဟန်တာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မှုမမြန်ဆန်သည့်အတွက် မစိုးရိမ်သင့်ကြောင်း ဂါဘရီယီဆက်စ်က ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ အပျော်စီးသင်္ဘောပေါ်တွင် လိုက်ပါသည့် ခရီးသည်နှင့် အမှုထမ်း ၁၅၀ ခန့်တွင် အတည်ပြုလူနာ ခြောက်ဦးနှင့် သံသယရှိသူ နှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


