ရန်ကုန် ၁၃ ဧပြီ
ရန်ကုန်တိုင်းဒေသကြီးတွင် Home Stay ကာလအတွင်း အငှားယာဉ်မောင်းများ အဆင်ပြေစေရန် တစ်ရက်လျှင် ဆန်သုံးပြည်နှုန်းဖြင့် လှူဒါန်းမှုများပြုလုပ်လျက်ရှိကြောင်း PEAK အင်ဂျင်ဝိုင် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးညီမင်းဟန် ပြောသည်။
အဆိုပါ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးညီမင်းဟန်က “တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ Home Stay ကာလမှာ အငှားယာဉ်မောင်းတွေ အဆင်ပြေစေဖို့ အခုလို လှူဒါန်းနေတာပါ။ အငှားယာဉ်မောင်းတစ်ဦးကို နေ့စဉ် ဆန်သုံးပြည်နှုန်း လှူဒါန်းပေးနေပါတယ်။ မည်သူမဆို လာရောက်ထုတ်ယူလို့ရပါတယ်။ အချိန်ကန့်သတ်မှုရှိပေမယ့် လူဦးရေ ကန့်သတ်မထားပါဘူး။ တချို့တွေကလည်း ကိုယ့်အတွက် သိပ်ပြီးမလိုအပ်ပေမယ့် သူ့ရဲ့ပတ်ဝန်းကျင်က နွမ်းပါးသူတွေကို ပြန်လည်လှူဒါန်းဖို့ လာရောက်ထုတ်ယူကြတာမျိုးလည်း ရှိပါတယ်”ဟု ပြောသည်။
ထိုသို့ လှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်းရှိ PEAK အင်ဂျင်ဝိုင်လဲ အလုပ်ရုံ၌ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆောင်ရွက်လျက်ရာ တစ်ရက်လျှင် အငှားယာဉ်မောင်း ၂၀၀ ကျော်မှ ၃၀၀ ကျော်အထိ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ထိုသို့လှူဒါန်းမှုအား အချိန်ကန့်သတ်ထားသော်လည်း လာရောက်ထုတ်ယူနိုင်သည့် လူဦးရေ အားကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်မှ အငှာယာဉ်မောင်း ကိုထွန်းဦးက “ဒီကာလမှာ အလုပ်အကိုင် မကောင်းတော့ နေ့တိုင်းလာထုတ်ဖြစ်တယ်။ ကိုယ်လည်းစားတယ်။ ကိုယ့်ဝန်းကျင်က အဆင်မပြေတဲ့သူတွေကိုလည်း ပြန်လှူဖြစ်တယ်”ဟု ပြောသည်။
ယခုအခါ မဟာသင်္ကြန်ရုံး ပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက်ကုန်ငါးမျိုးအား ထောက်ပံ့ဖြန့်ဝေမှုများ ပြုလုပ်နေသကဲ့သို့ စေတနာရှင်ပြည်သူများကလည်း “ပြည်သူမှပြည်သူသို့ မျှဝေခြင်း” အစီအစဉ်ဖြင့်လည်းကောင်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


