တောင်ကြီး   ဖေဖော်ဝါရီ   ၁၀

ရှမ်းပြည်နယ်    ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့နံနက် ၈ နာရီခွဲက  တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည့် ရှမ်းပြည်နယ် အလုပ်သမားပပျောက်ရေး ဆိုင်ရာ   အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး   လုပ်ငန်းကော်မတီ၏ Hotel-Training (House Keeping) နှင့် (Waiter&Waitress) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး  Hotel-Training (House   Keeping)သင်တန်းအတွက်   စားသောက်စရိတ် ထောက်ပံ့ပေးအပ်သည်။  

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က Hotel-Trainig (Waiter & Waitress) သင်တန်းအတွက် စားသောက်စရိတ်ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်   တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်  အေးသာယာမြို့   စက်မှုဇုန်ရှိ DE INFINITY     Co.,Ltd.   ၏ ပြောင်းအခြောက်ခံစက်ရုံဖွင့်ပွဲသို့တက်ရောက်ကြပြီး     ပြည်နယ်ဝန်ကြီးချုပ်က  အမှာစကားပြောကြား သည်။

ဆက်လက်၍ ပြောင်းအခြောက်ခံစက်ရုံကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး    စက်ရုံအား လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တောင်ကြီးမြို့ မြေအောက်ရေ   အထောက်အကူပြုအဖွဲ့မှ တောင်ကြီးမြို့၏ ရေအရင်းအမြစ်များနှင့် မြို့ပြသွင်ပြင်ရပ်ဝန်းကို လေ့လာခြင်း စာအုပ်ပေးအပ်ပွဲသို့ တက်ရောက်၍    အမှာစကားပြောကြားသည်။

ထို့နောက်   တောင်ကြီးမြို့၏ ရေအရင်းအမြစ်များနှင့်  မြို့ပြသွင်ပြင်ရပ်ဝန်းအားလေ့လာခြင်း စာအုပ်များကို အလှူရှင် ဦးစံလင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ လှူဒါန်းပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့၏ ရေအရင်းအမြစ်များနှင့် မြို့ပြသွင်ပြင် ရပ်ဝန်းအား လေ့လာခြင်းစာအုပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးမြို့ပေါ်ရှိ    စာကြည့်တိုက်များ၊ Companyများ၊ မြို့ပေါ်ရှိ   ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များသို့ ဆက်လက်ပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူကြပြီး မြေအောက်ရေအထောက်အကူပြုအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်အား  ဂါရဝပြုအမှတ်တရ လက်ဆောင်ပေးအပ်သည်။

ထို့နောက် တာဝန်ရှိသူများက တောင်ကြီးမြို့ မြေအောက်ရေထိန်းသိမ်းရေးအတွက်   ဖွဲ့စည်းဆောင်ရွက်ထားသည့် ကော်မတီအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရေထိန်းတောဧရိယာ ထိန်းသိမ်းနိုင်ရေး ဥပဒေအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)