ဟုမ္မလင်း ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများကို ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ နယ်မြေခံ တပ်မတော် ဆေးရုံ တပ်မှူး ဗိုလ်မှူးပြည့်ဖြိုးအောင်၊ စီမံကိန်းဦးစီးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ် လဝက ဦးစီးမှူး ဦးမင်းညွှန့်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစု ထွေး၊ ဟုမ္မလင်း ခုတင်(၁၀၀) ပြည်သူ့ဆေးရုံမှ ရုံးအုပ် ဦးကံစိန်၊ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ သွားရောက်စစ်ဆေးစဉ် ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံရှိ သား ဖွားခန်း၊ ခွဲစိတ်လူနာဆောင်၊ ဖျားနာ လူနာဆောင် နှင့်မျက်စိ၊ အရိုးအကြော ကုသဆောင် တို့ အတွင်းမှအောက်ဆီဂျင်အိုး ၄၀ လီတာဆံ့ (၂၈) လုံး၊အောက်ဆီဂျင်အိုး ၂၀ လီတာဆံ့ (၁)လုံး၊ ၊အောက်ဆီဂျင်အိုး ၁၅ လီတာဆံ့ (၆)လုံး၊ စုစုပေါင်း အောက်ဆီဂျင်အိုး(၃၅)လုံး၊ အောက်ဆီဂျင် အစားထိုးစက်(Oxygen concentrator) (၁၃)လုံး တို့ကို ရှာဖွေတွေ့ရှိခဲ့ သည်။
အဆိုပါရှာဖွေတွေ့ရှိခဲ့သည့် အောက်ဆီဂျင်အိုးများနှင့် အောက်ဆီဂျင် အစားထိုးစက်များ ကို လူနာများအတွက် ကောင်းမွန်စွာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံ့တာဝန်ယူပြီးနောက် ဟုမ္မလင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်း ဦးစီးသော ဆရာဝန်များက ဆေးရုံကို ဖေဖော်ဝါရီ ၆ ရက်မှ စတင် သော့ခတ် ၍ CDM ပြုလုပ်သဖြင့် ဟုမ္မလင်းခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံအား ပိတ်ထားခဲ့ရကြောင်း၊ ဟုမ္မလင်းဒေသခံ လူနာများမှာ အမှတ် (၁၉) ခုတင် (၁၀၀)ဆံ့ တပ်မတော်ဆေးရုံကိုသာ မှီခိုအား ထားခဲ့ရာမှ နေရာအခက်အခဲ ရှိလာသဖြင့် တပ်မတော်ဆေးရုံ ဆေးတပ်မှူးကြီးကြပ်၍ တပ်မတော်ဆရာဝန်များ၊ သူနာပြု များနှင့် CDM မပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများစုစည်းပြီး ပြင်ပလူနာများ ကို ဧပြီ ၁၉ ရက်မှ စတင်ကာ ယနေ့အချိန် အထိ ကုသပေးလျက်ရှိပြီး သတင်းအရ ရုံးခန်းများနှင့် စတိုခန်းများအားရှာဖွေရာ စစ်ဆေးရာမှ ယခုကဲ့သို့ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း( ပြန်/ဆက်)


