ဟုမ္မလင်း ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ စီစဉ်ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကို ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၄ နာရီက ဟုမ္မလင်းမြို့၊ နန်ဖွတ်မော်ရပ်ကွက်၊ နာဂရိုးရာကွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နာဂအကြီးအကဲများနှင့် ဧည့်သည်တော်များက နာဂရိုးရာ ဘန်တုံးထုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ဦးပီတာနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းတို့က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား အသီးသီးပြောကြား၍ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံအား မဖြိုးနေဇာလင်းက ရှင်းလင်းဖတ်ကြားခဲ့သည်။
ဆက်လက်၍ နာဂအကြီးအကဲများက နှစ်သစ်ကူးလက်ဆောင် ပေးအပ်ပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ဖြင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ဦးချွေးထောင်းက ဦးဆောင်၍ မီးပုံဝိုင်းအား မီးထွန်းညှိဖွင့်လှစ်ပြီး ဟုမ္မလင်းမြို့ပေါ်ရှိ နာဂတိုင်းရင်းသားများရိုးရာ အကများ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
နာဂရိုးရာနှစ်သစ်ကူးနေ့သည် တောင်ယာ၊ လယ်ယာ၊ လုပ်ငန်းများပြီးစီးသည့် အချိန်ဖြစ်၍ လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်း၊ ရှေ့လာမည့်နှစ်အတွက် လုပ်ငန်းများညှိနှိုင်းခြင်း၊ လုပ်မှားကိုင်မှား အပြစ်များဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ လာမည့်နှစ်များတွင် ဆန်ရေစပါး ပေါများအောင် ဆုတောင်းခြင်း၊ ရပ်ဝေး၊ ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် ဆုတောင်းခြင်းများ ပြုလုပ်သည့် ပွဲတော်များပင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ ဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသားများ၊ ရှမ်း၊ ချင်းတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား နာဂရိုးရာ အစားအစာနှင့် ခေါင်ရည်များဖြင့် တည့်ခင်းဧည့်ခံခဲ့ကြကာ မီးပုံဝိုင်းဖြင့် စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


