ဟုမ္မလင်း ၁၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ နန်ဖွတ်မော်ရပ်ကွက် နာဂရိုးရာကွင်း၌ နာဂတိုင်းရင်းသားများ ရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံဝိုင်းကို ဇန်နဝါရီ (၁၅)ရက်နေ့ ည(၇)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို သဘာပတိကြီး ဦးပီတာက နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်တို့က အမှာစကား ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဦးချွေးထောင်းက ဦးဆောင်၍ မီးပုံဝိုင်းအား မီးညှိဖွင့်လှစ်ပြီး ဟုမ္မလင်းမြို့ပေါ်ရှိ မကူရီ အမျိုးသား၊ အမျိုးသမီးအက၊ တန်ကွန်အမျိုးသား၊ အမျိုးသမီးအက၊ ပါရာအမျိုးသား၊ အမျိုးသမီးအက၊ နာဂရိုးရာဖက်ရှင်ရှိုး၊ လူငယ်နာဂအလန်းဇယားအက၊ ခေတ်ပေါ်နာဂအက၊ ဧည့်သည်တော်များနှင့် စုပေါင်း၍ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

နာဂရိုးရာနှစ်သစ်ကူးနေ့သည် တောင်ယာ၊ လယ်ယာ၊ လုပ်ငန်းများပြီးစီးသည့် အချိန်ဖြစ်၍ လုပ်ငန်းအတွေ့အကြုံ ဖလှယ်ခြင်း၊ ရှေ့လာမည့်နှစ်အတွက် လုပ်ငန်းများညှိနှိုင်းခြင်း၊ လုပ်မှားကိုင်မှား အပြစ်များ ဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ လာမည့်နှစ်များတွင် ဆန်ရေစပါးပေါများအောင် ဆုတောင်းခြင်း၊ ရပ်ဝေး၊ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် ဆုတောင်းခြင်းများ ပြုလုပ်သည့်ပွဲတော်ဖြစ်သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နာဂအကြီးအကဲများ၊ အကအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)