ဟုမ္မလင်း ၂၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရွှေသတ္တုတူးဖော်ခြင်းကြောင့် သစ်ပင်ပေါက်ရောက်မှု မရှိသော ဟုမ္မလင်းမြို့နယ် ကြို့ပင်ကျေးရွာတွင် သစ်စေ့မြေလုံးများ (Seed ball) ကြဲပက်ခြင်းကို မေ ၂၃ ရက် နံနက် ၁၀ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်စေ့မြေလုံး ကြဲပက်ခြင်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်၊ မော်လိုက်/ခန္တီးခရိုင် သစ်တောဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကျော်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအေးမင်းလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုးနှင့် တာဝန်ရှိသူများက မျိုးစေ့များပေးအပ်ခဲ့ပြီး ဟုမ္မလင်းမြို့နယ် ကြို့ပင်ကျေးရွာ အပတောဧရိယာ (၅၀)ဧကအတွင်း ကုက္ကိုလ်နှင့် ရှားမျိုးစေ့ ၇၈၁၂၅ စေ့ပါဝင်သော သစ်စေ့မြေလုံး (Seed ball) ၁၅၆၂၅ လုံးကို တက်ရောက်လာသော ဒေသခံပြည်သူများနှင့် စုပေါင်း၍ ကြဲပက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေသတ္တုတူးဖော်ခြင်းကြောင့် သစ်ပင်ပေါက်ရောက်မှုမရှိသော ကျေးရွာ ခေါက်ငိုးကျေရွာ ဝေဖလာ (နောင်တော) ရွာ၊ ပင်သာကျေးရွာအနီး၊ တက်ခတ်ကျေးရွာအနီး၊ နတ်နန်းကျေးရွာ၊ မက္ကလက်ကျေးရွာ အစရှိသည့် ကျေးရွာ၊ မြေနေရာ(၉)ခု၌ ဧရိယာပေါင်း (၄၈၀)ဧကတွင် ကုက္ကိုလ်နှင့် ရှားမျိုးစေ့ ၇၅၀၀၀၀ စေ့ပါဝင်သော သစ်စေ့မြေလုံး (Seed ball) လုံး ၁၅၀၀၀၀ ကို မေ ၃၁ ရက်အထိ သစ်တောဦးစီးဌာနက အရိပ်ရမျိုးစေ့များကို ကြဲပက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)


