ဟုမ္မလင်း သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း တောင်သူများ လက်ဖက်ပင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။ ဟုမ္မလင်းမြို့နယ် တွင် လက်ဖက်စိုက်ဧက ၈၈၉၄ ဧက ရှိပြီး အများအားဖြင့် ကျေးရွာအုပ်စု ၃၃ အုပ်စု၌ စိုက်ပျိုးကြသည်။ လက်ဖက်စိုက်ခင်း တစ်ဧကလျှင် လက်ဖက်စို ပိဿာ ၃၀၀ ကျော်နှင့် လက်ဖက်ခြောက် ပိဿာ ၁၀၀ ကျော် ထွက်ရှိသည်။
“လက်ဖက်စို တစ်ပိဿာ ၁၄၀၀၊ လက်ဖက်ခြောက် တစ်ပိဿာ ၄၅၀၀ ကျပ် ရှိတယ်၊ ယခင်နှစ်ကနဲ့ စျေးနုန်းပြောင်းလဲမှုတော့ မရှိဘူး၊ လွန်ခဲ့တဲ့ ဇူလိုင်လကစလို့ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လက်ဖက်အရောင်းအဝယ် နည်းပါးသွားတယ်”ဟု လက်ဖက်လုပ်ကိုင် ရောင်းဝယ်သူ ဒေသခံ ဒေါ်ပြုံးရီက ပြောပြသည်။
ဒေသခံ လက်ဖက်စိုက်တောင်သူများက လယ်ယာလုပ်ငန်း တွဲဖက်လုပ်ကိုင်ကြသူများဖြစ်ရာ လယ်ယာလုပ်ငန်းခွင် ပြီးဆုံးသည်နှင့် လက်ဖက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ လက်ဖက်စိုက်တောင်သူများ လက်ဖက်စိုက်ခင်း ပေါင်းမြက်ခုတ်ထွင် ရှင်းလင်းဖို့ လုပ်သားများ ရှားပါးလာသည့်အတွက် ကုန်ကျစရိတ် သက်သာစေရန် ပေါင်းသတ်ဆေးများ အသုံးပြုလာခြင်းကြောင့် လက်ဖက် စိုက်ခင်းတွေကို ပေါင်းသတ်ဆေး (ဓာတုဆေးဝါး)များ သုံးစွဲခြင်းဖြင့် လက်ဖက် ရည်အသွေး ပျက်စီးခြင်းမဖြစ်စေရန် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ လက်ဖက်စိုက်တောင်သူများအား ပေါင်းသတ်ဆေး (ဓာတုဆေးဝါး)များ မလိုအပ်ဘဲ အလွန်အကျွံမသုံးစွဲဖို့ လူလုပ်အားအပြင် မြက်ရိတ်စက်၊ ကိုင်းဖြတ်စက် ကိရိယာများ အသုံးပြုရန် (Good Agriculture Practicr) GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ လိုက်နာကျင့်သုံးပြီး အရည်အသွေး ကောင်းမွန်သည့် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် လက်ဖက်အများဆုံး စိုက်ပျိုး လုပ်ကိုင်သည့် မောင်းခမ်း၊ ကောယား၊ ထိန်ကင်း၊ ခေါင်ခမ်း၊ စသည့်ကျွေးရွာများတွင် မူလမြေနမူနာစစ်ဆေးခြင်း၊ လက်ဖက်ကိုင်းဖြတ်နည်းစနစ် စိုက်ပျိုးထုတ်လုပ်နည်းစနစ် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ဖက်ခြောက်နှင့် လက်ဖက်စိုကို မုံရွာ၊ မန္တလေး၊ တမူး စျေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိကြပြီး ပြည်သူများက လက်ဖက်ကို သုပ်စားခြင်း၊ ပွဲလမ်းသဘင်များတွင် တည်ခင်း ဧည့်ခံကျွေးမွေးခြင်း၊ ရိုးရာပွဲ၊ နတ်ပွဲ၊ မင်္ဂလာဆောင်၊ တစ်ယောက်နှင့် တစ်ယောက် တောင်းပန်ခြင်း၊ ကျေအေးခြင်း စသည်ဖြင့် အသုံးပြုနေခြင်းကြောင့် စျေးကွက်သို့ တွင်တွင် ကျယ်ကျယ် တင်ပို့ရောင်းချခြင်း နည်းပါးသော်လည်း လက်ဖက်စိုက်တောင်သူများ အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
မင်းအောင်(ဟုမ္မလင်း)


