ဟုမ္မလင်း နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးရှိဥရုမြစ်ကူးတံတားကို အဆင့်မြင့်တင်မှုကြောင့် ယာယီပိတ်ထားကြောင်း သိရသည်။
ဥရုမြစ်ကူးတံတားအားအဆင့်မြင့်တင်ခြင်းဆောင်ရွက်နေသဖြင့်တံတားကိုယာယီပိတ်ထားသောကြောင့်ကားကြီး ကားငယ်များဖြတ်သန်းသွားလာခြင်းခွင့်မပြုသော်လည်း လူနှင့်ဆိုင်ကယ်များကိုမူဖြတ်သန်းသွားလာခွင့်ပြုထားကြောင်းသိရသည်။
“ နိုဝင်ဘာလ၁၄ရက်နေ့က တံတားကိုစပိတ်တာဟုတ်တယ် ၊ ဆိုင်ကယ်တွေကတော့ သွားလို့ရတယ် ၊ ကားတွေကတော့ ကူးတို့နဲ့ ကူးရတယ် တံတားအောက်မှာ စက်လှေနှစ်စင်းရှိတယ်” ဟု နောင်ပိုအောင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
နောင်ပိုအောင်ကျေးရွာအနီးရှိ ဥရုမြစ်ကူးတံတားအဆင့်မြင့်တင်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလပထမ ပတ်က စတင်ခဲ့ခြင်းဖြစ်ပြီးတံတားခံနိုင်ဝန်ကို တန် ၆၀ အထိ တိုးမြင့်မည်ဖြစ်ကာကြိုးတံတားအပိုင်းကို ဖြုတ်သိမ်း၍သံဘောင်ပလိတ်ဂါဒါများဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း တံတားစတင်ဆောက်လုပ်စဉ်က တည်ဆောက်ရေးညွှန်ကြားရေးမှူးထံမှသိရသည်။
ဥရုမြစ်ကူးကြိုးတံတားသည်အရှည်ပေပေ၁၀၉၀၊အကျယ်၁၅ပေ၊အမြင့်ပေ၂၀ ရှိပြီး ပေ ၅၀၀ သည် ချဉ်းကပ် တံတားအပိုင်းဖြစ်ပြီး ပေ ၅၄၀ က ကြိုးတံတားအပိုင်းကာ၂၀၁၁ခုနှစ်တွင်ပြည်ထောင်စုရံပုံငွေဖြင့်တည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဥရုမြစ်ကူးကြိုးတံတားသည် နမ့်တော - နောင်ပိုအောင် - ဟုမ္မလင်း ဆက်သွယ်ထားသည့် လမ်းပိုင်းအတွက် အရေးပါသည့် တံတားတစ်ခုလည်းဖြစ်သည်။
လိူင်ဘွား(ဗန်းမောက်)


