ဟုမ္မလင်း၊ ၂၀  မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ရော်ဘာဈေးကောင်းသဖြင့် တောင်သူများဝင် ငွေတိုးလာပါကြောင်း  ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ယခင်က ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၇၀၀ ကျော် ရောင်းရသော်လည်း၊ ယခုတွင် ရော်ဘာ တစ်ပေါင်လျှင် ငွေကျပ် ၉၀၀ အထိရောင်းချလျက်ရှိကြောင်း၊ ရော်ဘာစျေးကွက်အနေဖြင့် လအလိုက် စျေးနှုန်းပြောင်းလဲမှု ရှိပါကြောင်း၊ ရော်ဘာစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ပေါင် ၈၀၀ မှ ၁၀၀၀ ကြားထွက်ရှိသဖြင့် တစ်ဧကလျှင် ၄ သိန်းကျော် ၅ သိန်း အမြတ်ရရှိပါကြောင်း၊  ဟုမ္မလင်းမြို့နယ်မှ ထွက်ရှိသော ရော်ဘာပြားများကို မုံရွာနှင့်မန္တလေးသို့ တင်ပို့ရောင်းချလျက် ရှိပါကြောင်း သိရှိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ရော်ဘာကို ၂၀၀၅ ခုနှစ်မှ စတင်၍စိုက်ပျိုးခဲ့ပြီး  တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၁ ခုနှစ်အထိ ရော်ဘာစိုက်ဧက ၈၁၈၇ ဧကအထိ စိုက်ပျိုးပြီးဖြစ်ပါ ကြောင်း၊ ယခုနှစ်တွင် ရော်ဘာအစေးခြစ်သည့် ဧကမှာ ၅၃၁ ဧကဖြစ်ပြီး၊ တစ်နှစ်လျှင် ပေါင်သုံးသိန်း ခန့်ထွက်ရှိပါကြောင်း၊ ရော်ဘာစိုက်ပျိုးခြင်းအပြင် သီးညှပ်စိုက်ပျိုးခြင်းအနေဖြင့် ရော်ဘာပင်အောက်တွင် ကော်ဖီပင်များလည်းစိုက်ပျိုးထားပါကြောင်း၊ အဆိုပါ ကော်ဖီပင်များမှ ကော်ဖီစေ့များလည်းထွက် ရှိသဖြင့် ဝင်ငွေနှစ်မျိုးရရှိသည့်အတွက် တောင်သူများဝင်ငွေ တိုးလာပါကြောင်း စိုက်ပျိုးရေးဦးစီးဌာမှ သိရှိရသည်။

မွှေးကြူဇင်