ဆာနား ၁၃ မေ
ယီမင်ရှိ ဟူသီသူပုန်အဖွဲ့သည် မေ ၁၁ ရက်က ပင်လယ်နီဆိပ်ကမ်းသုံးခု တို့မှ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက အတည်ပြုပြောကြားခဲ့သည်။ ယီမင်အစိုးရကို ထောက်ခံသည့် အကြီးတန်းအာဏာပိုင်တစ်ဦးက သူပုန်များ၏ဆုတ်ခွာမှုမှာ အမှန်တကယ် မဟုတ်ကြောင်း စွပ်စွဲလျက်ရှိချိန်တွင် ကုလသမဂ္ဂက အတည်ပြုလိုက်ခြင်း ဖြစ်သည်။
သူပုန်များ ဆိပ်ကမ်းမှ ဆုတ်ခွာမှုသည် ယီမင်နိုင်ငံ၏ နိုင်ငံတကာအသိ အမှတ်ပြုထားသည့်အစိုးရနှင့် အီရန် ကျောထောက်နောက်ခံပေးထားသည့် ဟူသီသူပုန်အဖွဲ့တို့ ပြီးခဲ့သည့်နှစ်က ခဲခဲယဉ်းယဉ်း သဘောတူညီမှုရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အကောင်အထည်ဖော်နေသည့် ပထမဆုံး ခြေလှမ်းအဆင့်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကမ်းများကို သူပုန်အဖွဲ့က လွန်ခဲ့သော ငါးနှစ်ခန့်အကြာက လွှဲပြောင်းမယူမီ အနီးကပ်ကြီးကြပ် ဆောင်ရွက်နေသည့် ကမ်းခြေစောင့် တပ်ဖွဲ့မှ တာဝန်ရှိသူများသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့နှင့် နီးကပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဆာလိဖ်ဆိပ်ကမ်း၌ ရောက်ရှိနေသည့် အေအက်ဖ်ပီ သတင်းဓာတ်ပုံသမားတစ်ဦးက ဆိပ်ကမ်းမှ ဟူသီသူပုန်အဖွဲ့ ထွက်ခွာသွားသည်ကို တွေ့ခဲ့ကြောင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့် အမျိုးသား များ ဝင်ရောက်လာကြောင်း၊ ယင်း လှုပ်ရှားမှုများကို ကုလသမဂ္ဂအဖွဲ့က လေ့လာစောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
သို့သော်လည်း ဟိုဒေးဒါအုပ်ချုပ်ရေးမှူး အယ်လ်ဟာဆန်တာဟာက ဟူသီ သူပုန်များသည် လူပုဂ္ဂိုလ်အပြောင်းအလဲ လုပ်ခဲ့ခြင်းမျှသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟူသီသူပုန်များသည် ဟိုဒေး ဒါဆိပ်ကမ်းကို လွှဲပြောင်းပေးခြင်းအားဖြင့် ပရိယာယ်အသစ်ခင်းနေကြောင်း၊ ဆာလိဖ်နှင့်ရက်စ်အီဆာ ဆိပ်ကမ်းတို့ကို ကုလသမဂ္ဂအဖွဲ့ကြီးရော အစိုးရဘက်ကပါ စစ်ဆေးစောင့်ကြည့်ခြင်း မရှိခဲ့ကြောင်း အစိုးရဘက်မှ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။
ဟိုဒေးဒါဆိပ်ကမ်းသည် ယီမင်နိုင်ငံ၏ တင်ပို့ကုန်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ အဓိကဝင်ရောက်ရာ ပင်မတံခါးပေါက်ဖြစ်ပြီး လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် ယီမင်စစ်ပွဲကြောင့် ဆာလောင်ငတ်မွတ်မှု ခံစားနေရသည့် ယီမင်ပြည်သူ သန်းပေါင်းများစွာအတွက် အသက်သွေးကြောတစ်ခုဖြစ်သည်။
အေအက်ဖ်ပီ