ယီမင် ဇူလိုင် ၂၆
ယီမင်နိုင်ငံရှိ ဟူသီတပ်ဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံရှိ နိုင်ငံပိုင် ရေနံစက်ရုံ၊ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အီရန်၏ ထောက်ခံအားပေးမှုရရှိထားသော ၎င်းတပ်ဖွဲ့ဝင် များက ဆော်ဒီအာရေဗျနိုင်ငံ ပင်လယ်နီကမ်းခြေရှိ ယန်ဘုနှင့် ဂျီဇန်မြို့များတွင် တည်ရှိသော ဆော်ဒီအာရမ်ကို ကုမ္ပဏီပိုင်နေရာများကို တိုက်ချင်းပစ်ဒုံးကျည်များအပါအဝင် အခြားလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုများသည် ဟူသီတို့၏ လက်တွေ့ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ယီမင်နိုင်ငံအနောက်ပိုင်း ဟူဒီဒက်ချ်မြို့အပေါ် ဆော်ဒီအာရေဗျ၏ တိုက်ခိုက်မှုများအပါအဝင် ဆော်ဒီဘက်မှ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျဘက်ကမူ ဟူသီတို့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။ ယီမင်နိုင်ငံတွင် ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရထားသော ကြားဖြတ်အစိုးရနှင့် ဟူသီတို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိသည်။ ဟူသီတို့က ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဟော်မုဇ်ရေလက်ကြားအတွက် အစားထိုးရေကြောင်းလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနေကြသည့် Bab el-Mandeb ရေလက်ကြားကို ထိခိုက်စေလျက်ရှိသည်။
ထို့ပြင် ဟူသီတို့က ဆော်ဒီအာရေဗျ၏ ရေနံတင်သင်္ဘောများကိုလည်း တိုက်ခိုက်ခဲ့ရာ ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွင်း ထောက်ပံ့မှုများ ပြတ်တောက်သွားနိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


