နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၄) ရက်နေ့

 

၁။         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် ရေးဆွဲအတည်ပြုပြီးဖြစ်သည့် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

၂။         အဆိုပါစီမံချက်အရ သက်ဆိုင်ရာစခန်းများရှိ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် စခန်းတွင် နေထိုင်သူများက အောက်ပါလုပ်ငန်းရပ်များကိုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

  • စခန်းများတွင် တပ်ဆင်ပေးထားသော လက်ဆေးဘေစင်များတွင် ရေနှင့်ဆပ်ပြာကို အသုံးပြုလက်ကို စနစ်တကျ မကြာခဏ ဆေးကြောပါ၊
  • အများသုံးအိမ်သာများနှင့် ရေချိုးရန်နေရာများကို အသုံးပြုရာတွင် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန်နှင့် အချင်းချင်းထိတွေ့မှု အနည်းဆုံးဖြစ်စေရေး သတိပြုဆောင်ရွက်ပါ၊
  • စခန်းများတွင်နေထိုင်လျက်ရှိသည့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအား ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် အထူးသတိပြုနေထိုင်ပါ၊
  • နေ့စဉ်ကိုယ်ပူချိန်တိုင်းခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် ပညာပေးခြင်းတို့ကို စခန်းတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်များက စနစ်တကျအလှည့်ကျတာဝန်ယူ ဆောင်ရွက်ပါ၊
  • စခန်းတွင်းနေထိုင်သူများ  ပြင်ပသို့ သွားလာခြင်း မပြုလုပ်ရန်နှင့် မဖြစ်မနေအပြင်ထွက်ရန် လိုအပ်သူများက စာရင်းရေးသွင်းပြုစုထားပြီး အဝင်/ အထွက်ပြုလုပ်တိုင်း ပုံမှန်အပူချိန်တိုင်းတာခြင်း၊ ခွဲစိတ်ခန်း သုံးပါးစပ်နှင့်နှာခေါင်းစည်း (သို့မဟုတ်) အဝတ်ဖြင့်ချုပ်ထားသည့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းများကို တိကျစွာ ဆောင်ရွက်ပါ၊
  • စခန်းတွင်းသို့ ပြင်ပမှဧည့်သည်များ ဝင်ရောက်ခြင်းကို တားမြစ်ထားပါ၊
  • COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် စပ်လျဉ်း၍ စခန်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် လိုအပ်ချက်များကို တာဝန်ရှိသူအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ပါ၊
  • COVID-19 ရောဂါလက္ခဏာများတွေ့ရှိရပါက ညွှန်ကြားထားသည့် လူနာညွှန်းပို့ခြင်းလုပ်ငန်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ပါ။
  • စောင့်ကြည့်လူနာများနှင့် သံသယလူနာများကို အချိန်မီလွှဲပို့နိုင်ရေးအတွက် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ကြိုတင်ချိတ်ဆက်ထားပါ၊
  • COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစိုးရဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ပါ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန