နေပြည်တော်   ၁၆  ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်းရှိ အိမ်ထောင်စု (၁၀၀၀)စုနှင့် ဆေးသမားကြီး IDP စခန်းရှိ အိမ်ထောင်စု (၁၈၂၃)စုတို့အတွက် ဆပ်ပြာတောင့် ၂၈၂၃ တောင့်၊ Mask (၅၆၄၆)ခုနှင့် စခန်း (၁)ခုလျှင် Infrared Thermometer (၁) ခုနှုန်းဖြင့် စုစုပေါင်း (၂) ခုကို ထောက်ပံ့ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ခါနန်လီဆူနှစ်ချင်း IDP စခန်း၊ မော်ဖောင်းလော်ဝေါ် IDP စခန်းနှင့် စိန်ဂျွန်းကက်သလစ် IDP စခန်းများတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကြောက်ရွံ့မှုလွန်ကဲခြင်း၊ သံသယ လွန်ကဲခြင်း စသည့် စိတ်ဖိစီးမှုများ ခံစားရနိုင်ပါက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများကို ဆက်သွယ်ရေး အော်ပရေတာ (၄)ခုဖြင့် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အခမဲ့ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်းနှင့် အိမ်တွင်း အကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ကာယကံရှင် ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူပြည်သူများမှ လည်းကောင်း၊ တယ်လီဖုန်းနံပါတ် ၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇-၄၀၄၉၉၉ သို့ ယုံကြည်စိတ်ချစွာ တိုင်ကြားနိုင်ကြောင်း ပိုစတာများကပ်၍ အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်