မြစ်ကြီးနား   နိုဝင်ဘာ   ၁၉

 

ကချင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နို၀င်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ ၊ IDPs စခန်းများမှ တာ၀န်ခံများနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဉီးခက်ထိန်နန်က “ပြည်တွင်းနေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များအတွက် လုပ်ငန်း ကော်မတီများ ကျစ်လျစ်စွာဖွဲ့စည်းပြီး လက်တွေ့ထိရောက်အောင်မြင်အောင် ဆောင်ရွက်‌ရန် အစည်းအဝေးသို့ တက်ရောက်လာသော တာ၀န်ရှိပုဂ္ဂိုလ်များအနေဖြင့် လိုအပ်ချက်များ အခက်အခဲများအား စိတ်အားထက်သန်စွာ တင်ပြဆွေး‌နွေးပေးကြရန်” တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက IDPs စခန်းများရှိ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်၀န်ကြီးများက ဖြည့်စွက်‌ဆွေးနွေးကြသည်။ ထို့နောက် မိုင်းနား(RC) ယာယီခိုလှုံရာစခန်း တာ၀န်ခံမှ ကျွန်းတောကွက်သစ်နှင့် (၄)မိုင်ကျေးရွာတွင် ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ပြီးစီးသည့် နေအိမ်များအတွက် လျှပ်စစ်မီးနှင့်‌ သောက်သုံးရေရရှိရေး၊ လမ်းများ‌ ဖောက်လုပ်ပေးရေး ကိစ္စရပ်များအား တင်ပြဆွေးနွေးပြီး IDps စခန်းတာ၀န်ခံများမှ စခန်းရှိပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အား ရာနှုန်းပြည့်ထိုးနှံ‌နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန် တင်ပြဆွေးနွေး သည်။

 

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက IDPsစခန်းများရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အသက်မွေး၀မ်း‌‌ကျောင်းလုပ်ငန်းများ‌ ဖော်ဆောင်ပေးနိုင်ရေးအတွက် မဟာဗျူဟာများချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကော်မတီ၀င်များက အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

 

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်၀န်ကြီးချုပ်က ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ပြီးစီးသည့် နေအိမ်များအတွက် လမ်းနှင့် ရေ၊ မီးရရှိရေးအား ဘတ်ဂျတ်လျာထား တောင်းခံပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ‌နိုင်‌ရေး ကိစ္စရပ်များအတွက် ကျန်းမာရေးအသိပညာပေးနိုင်ရန်  ပြည်နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသော IDPs စခန်းအသီးသီးမှ တာ၀န်ခံများအား နှာခေါင်းစည်း Maskများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ကချင်ပြည်နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ပြည်တွင်းနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၆၀၇ စု၊ လူဦးရေ ၈၂၅၄ ဦးအား ပြည်လည်နေရာချထားပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)