၁၄  ဧပြီ

မြန်မာနိုင်ငံအတွင်းတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများကို လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာ များတွင် ကာကွယ်စောင့်ရှောက်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၆)ရက်နေ့စာရင်းများအရ အဆိုပါ ပြည်နယ်(၅)ခုတွင် IDPs စခန်း(၁၂၈)ခု၊ တိုက်ပွဲရှောင်စခန်း(၇)ခုနှင့် ယာယီ ခိုလှုံရာနေရာများတွင် လူဦးရေ စုစုပေါင်း (၂၅၅၀၀၀) ကျော် နေထိုင်လျက် ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာများ တွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် စားသောက်ရေး၊ နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည်ဖြင့် ဘဝရပ်တည်မှု ဆိုင်ရာ အခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

တစ်နိုင်ငံလုံးတွင် ပိုမိုအရှိန်မြှင့်လုပ်ဆောင်

ယခုကဲ့သို့ COVID-19 ကူးစက်ရောဂါ ကမ္ဘာတစ်ဝန်းဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကာ လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကဦးဆောင်၍ စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး COVID-19 ရောဂါပိုးကူးစက်လူနာကို ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၃)ရက်နေ့တွင် စတင်တွေ့ရှိခဲ့ရပြီး ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကိုလည်း ထပ်မံဖွဲ့စည်းကာ ပြည်သူအားလုံး၏ ပူးပေါင်း ပါဝင်မှုဖြင့် တစ်နိုင်ငံလုံးတွင် ပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သည်လည်း COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ဝန်ကြီးဌာနဝန်ထမ်းများမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ရပ်ကွက်/ ကျေးရွာများအထိ သွားရောက်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိ သည့် ကျန်းမာရေးလမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန စသည့် သက်ဆိုင်ရာဌာနများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Hand Speaker, Loudspeaker များအသုံးပြု၍ လိုက်လံနှိုးဆော်ခြင်း၊ အသံသွင်းထားသော အသိပညာပေးချက်များဖွင့်၍နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် Quarantine နေရာများတွင်လည်း ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိသည့် လူမှုရေး အဖွဲ့အစည်းများမှ စေတနာလုပ်အားရှင်များ၏ အင်အားကိုရယူကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်လျက် ရှိပါသည်။

လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်လျက်ရှိ

ဝန်ကြီးဌာန၏ သင်တန်းကျောင်းတစ်ခုဖြစ်သည့် ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ လပွတ္တာမြို့နယ်ရှိ ဂွေးချောင်းကျေးရွာ School-cum Shelter နှင့် တာလူဖတောကျေးရွာ School-cum Shelter ၊ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာ၊ တင်ပုလွှဲကျေးရွာနှင့် ကဒုံကနိကျေးရွာများရှိ Cyclone Shelter (၃)လုံး၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ Cyclone Shelter ၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာနှင့် ပုလုံးတုံတုံး ကျေးရွာ Cyclone Shelter တို့ကိုလည်း Community Based Facility Quarantine နေရာအဖြစ်အသုံးပြုကာ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လှဖိုးခေါင်ကြားစခန်းကိုလည်း တစ်ဖက်နိုင်ငံမှ မိမိသဘော ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများ အတွက် Community Based Facility Quarantine နေရာအဖြစ် ရခိုင် ပြည်နယ် အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 နှင့်စပ်လျဉ်း၍ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှု (Psycho Social Support)များကို ရပ်ရွာအခြေပြု Quarantine နေရာများ၊ IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာ နေရာများတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ နှစ်သိမ့်ဆွေးနွေးမှုခံယူလိုသူများအနေဖြင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အသိပေးကြေညာပေးထား သည့် ဖုန်းနံပါတ်များသို့ မိမိတို့ကိုယ်တိုင် စိတ်ချယုံကြည်စွာ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး အထူးလေ့ကျင့်ပေးထားသော လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက နှစ်သိမ့်ဆွေးနွေးမှုခံယူသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထားကာ တယ်လီဖုန်းဖြင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့အပြင် IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာများတွင် နေထိုင်သူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွင်း အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ကာယကံရှင်ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူများမှ လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် ၀၆၇ - ၃၄၀၄၂၂၂ နှင့် ၃၄၀၄၉၉၉ တို့သို့ ယုံကြည်စိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားသူ၏ သတင်းအချက်အလက်များ မပေါက်ကြားစေရေးအတွက် အထူးအလေးထား ကာကွယ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ထားခြင်းမရှိစေရ

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းများတွင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်လှပ်ထားခြင်းမရှိစေရ ဟူသောမူဝါဒကို လက်ကိုင်ပြု၍ လူအများစုပေါင်းနေထိုင်ကြသည့် IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာများကိုလည်း မေ့လျော့ထားခြင်းမရှိဘဲ COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ထိရောက်သော လုပ်ငန်းများဖြစ်စေရေး စနစ်တကျဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်စေရန် အတွက် “စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အတွက် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်”ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲခဲ့ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်ခဲ့ပါသည်။

ထိုစီမံချက်တွင် မြန်မာနိုင်ငံအတွင်းရှိ IDPs စခန်းများ၊ တိုက်ပွဲရှောင် စခန်းများနှင့် ယာယီခိုလှုံရာနေရာများ၌ COVID-19 ကူးစက်ရောဂါ အသိ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့်လက္ခဏာများ တွေ့ရှိပါက အရေးပေါ်တုံ့ပြန်ရေး အစီအမံထားရှိခြင်း၊ လိုအပ်သည့် အရင်းအမြစ် များစီမံခန့်ခွဲခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပေါ်မူတည်ကာ စီမံခန့်ခွဲခြင်း၊ စီမံချက်အကောင် အထည်ဖော်မှုအား စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများ ပါဝင်ပါသည်။

အဆိုပါစီမံချက်ပါ ဆောင်ရွက်ရန်အဆင့်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအား Video Conference ဖြင့် ရှင်းလင်း ပြောကြားခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ UNDP, WFP, UNICEF, UNOCHA နှင့် အခြားUN အဖွဲ့အစည်းများ၊ LIFT Fund Board အဖွဲ့၊ World Vision အပါအဝင် INGO များ၊ Blue Sky ၊ မေတ္တာရင်းမြစ် ဖောင်ဒေးရှင်း စသော လူမှုရေးအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

(၆၇%) ကျော် လွှမ်းခြုံနိုင်ခဲ့ပြီး

(၂၇-၃-၂၀၂၀) နေ့မှစတင်ကာ ပြည်နယ်(၅)ခုရှိ IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာ နေရာများတွင် COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်၍ သတင်းအချက်အလက်များဖြန့်ဝေပေးခြင်း၊ လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို Hand Speaker, Loudspeaker များ အသုံးပြု၍ အသိပညာပေးခြင်း၊ ဆပ်ပြာများဝေငှခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၂-၄-၂၀၂၀)နေ့အထိ စုစုပေါင်း IDPs စခန်း(၈၆)ခုနှင့် တိုက်ပွဲရှောင်စခန်းများ၊ ယာယီခိုလှုံရာနေရာများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ဆပ်ပြာတောင့်/ဆပ်ပြာခဲ (၇၀၀၀)ခန့် ဖြန့်ဝေနိုင်ခဲ့ပါသဖြင့် (၆၇%) ကျော် လွှမ်းခြုံနိုင်ခဲ့ပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ စခန်းများနှင့် ယာယီခိုလှုံရာနေရာအားလုံး လွှမ်းခြုံနိုင်ရေးအတွက် ဒေသအခြေ အနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည်များ ပံ့ပိုးနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အဖွဲ့အစည်းများ ဆွေးနွေး ညှိနှိုင်းမှုအရ ပံ့ပိုးကူညီခဲ့သည့် Infrared Thermometer များကို ဖြန့်ဝေခဲ့ရာ ကချင်ပြည်နယ် IDPs စခန်းများသို့(၉)ခု၊ ရခိုင်ပြည်နယ် IDPsစခန်းများသို့ (၉)ခု၊ ရှမ်းပြည်နယ် IDPs စခန်းများသို့(၄)ခု၊ ကရင်ပြည်နယ် IDPs စခန်းများသို့ (၂)ခု ဖြန့်ဝေထားရှိပြီး Surgical Mask (၁၀၀၀၀) ခု၊ ဆပ်ပြာ(၁၀၀၀၀)ခဲ တို့ကို ပေးပို့လှူဒါန်းနိုင်ရန်လည်း ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဆိုပါ Mask နှင့် ဆပ်ပြာများကို IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာများသို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဆမီးမြို့နှင့် မီးဇာကျေးရွာတို့တွင်လည်း ယာယီခိုလှုံရာစခန်း(၃)ခုဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး ပြောင်းရွှေ့နေရာ ချထားသည့်အချိန်တွင် တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ၊ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေးပစ္စည်းများကို ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဆက်လက်ထောက်ပံ့ပေးသွားမည်

IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် ယာယီခိုလှုံရာနေရာများရှိ အိမ်ထောင်စုတိုင်းအတွက် ဆပ်ပြာနှင့် နှာခေါင်းစည်း(Mask)များကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့ သွားမည်ဖြစ်ပါသည်။ ထပ်မံ၍လည်း ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေး ပစ္စည်းလိုအပ်ချက်များကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ နေရပ်စွန့်ခွာသူများ၏ IDPs စခန်းများရှိ အသက်(၆၀)နှစ်မှ အသက်(၈၅)နှစ်အောက်အထိ သက်ကြီးရွယ်အိုများနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား တစ်ဦးလျှင် နေ့စဉ် ကယ်လိုရီလိုအပ်မှုအပေါ် အခြေခံ၍ အာဟာရ(၄)မျိုးအတွက် တွက်ချက်ထားမှုအရ (၁)ရက်လျှင် (၉၈၄)ကျပ်နှုန်းဖြင့် (၂၁)ရက်အတွက် ငွေ(၂၀၆၆၄)ကျပ် ကို လူမှုဝန်ထမ်း ဦးစီးဌာနဘတ်ဂျက်ဖြင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် သဘာဝဘေးအန္တရာယ် များကြောင့်ဖြစ်စေ၊ လူမှုရေးဆိုင်ရာကိစ္စရပ် များကြောင့်ဖြစ်စေ ထိခိုက်ခံစားရမှုများ၊ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး၊ ခံစားရမှုများမှလျော့နည်းသက်သာစေရေးအတွက် ထိရောက်သော စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ကမ္ဘာနှင့်အဝန်းဖြစ်ပေါ် ခံစားရလျက်ရှိသော ကပ်ရောဂါဘေးအန္တရာယ်တစ်ခုဖြစ်သည့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့ အစည်းများ၊ စေတနာရှင်များနှင့်အတူပူးပေါင်းကာ ပြည်တွင်းနေရပ်စွန့်ခွာသူ များအပါအဝင် လူထုတစ်ရပ်လုံးအတွက် အလေးထားကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန