၂၁ အောက်တိုဘာ

 

ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း  International Finance Corporation (IFC) က မြန်မာနိုင်ငံ၏ ဝက်မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင်  ဒေါ်လာသန်း ၈၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး စီမံကိန်းအား ၁၇ လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောသည်။

 

အဆိုပါ ဝက်မွေးမြူထုတ်လုပ်ရေးစီမံကိန်းကို ၁၇ လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်  လက်ရှိတွင်  စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်၊ IFC ၊ UMFCCI မှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 


"ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီကို လာပြီးလုပ်မယ်လို့ ပြောတဲ့အထဲမှာ ကျွန်တော်တို့အဖွဲ့နဲ့  IFC နဲ့ ဆွေးနွေးထားတာ ရှိပါတယ်။ အဓိကက ဘာလဲဆိုရင် သူတို့က ဝက်မွေးမြူရေးနဲ့  ဝက်သက်ရုံတွေ ဆောက်ဖို့အတွက်  IFC ကနေ  သန်း ၈၀၀ ၊ ၁၇လ အတွင်းမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ရှိပါတယ်"ဟု ဦးဇော်မင်းဝင်း က ပြောသည်။

 

ယခုလဆန်းပိုင်းကလည်း နေပြည်တော်ရှိ Hilton Hotel တွင် IFC ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် UMFCCI မှ စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီတို့ ပူးပေါင်း၍ "Modernizing Myanmar's Pork Industry After ASF" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို  ကျင်းပခဲ့ပြီး  ‌‌​​ဆွေးနွေးပွဲတွင် ဝက်မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ဥပဒေဆိုင်ရာ ပံ့ပိုးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ရွာသာကြီး ဝက်သားထုတ်လုပ်ရေးရုံနှင့် အင်းစိန်(ရွာမ) ဝက်သားထုတ်လုပ်ရေးရုံတို့ရှိပြီး  ရွာသာကြီး ဝက်သားထုတ်လုပ်ရေးရုံမှ တစ်နေ့လျှင် ဝက်အကောင်ရေ ၄၅၀ မှ ၅၀၀ ကြား ထွက်ရှိကာ အင်းစိန်(ရွာမ) ဝက်သားထုတ်လုပ်ရေးရုံမှ တစ်နေ့လျှင် ဝက်အကောင်ရေ ၉၀၀ မှ ၁၀၀၀ ကြား ထွက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

Nyein Nyein