၂၅ ဇန်နဝါရီ
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်ထုတ် နိုင်ငံတော်သတင်းစာများ၌ မင်္ဂလာရှိသော သတင်းဓာတ်ပုံတစ်ခုကို တွေ့ရှိရပါသည်။ အဆိုပါ ဓာတ်ပုံမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအဖွဲ့က မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့ အပါအဝင် လားဟူဒီမိုကရက်တစ် အစည်းအရုံးမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသကဲ့သို့ ပြည်ထောင်စုသားအားလုံးက ဝမ်းမြောက်ဂုဏ်ယူရမည့် ခြေလှမ်းကို ထင်ဟပ်ဖော်ပြသည့် ဓာတ်ပုံဖြစ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော်ရှိ အဆိုပါ ဗဟိုဌာန၌ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးမှ (LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ကို သီးခြားစီ လက်ခံတွေ့ဆုံရာတွင် ဤသမိုင်းဝင်ဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံပွဲများအပြီးတွင် ကျင်းပသော သတင်းထုတ်ပြန်ချက် ထုတ်ပြန်သည့် အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ ဒီလို ကျွန်မတို့ရဲ့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက်၊ ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းမှု ရရှိရေးအတွက် ငြိမ်းချမ်းမှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကူညီပေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ မွန်တိုင်းရင်းသားများ။ လားဟူတိုင်းရင်းသားများကို အင်မတန်မှ ကျေးဇူးတင်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ပြသော ငြိမ်းချမ်းမှုကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှု ဟူသည်မှာ ကျယ်ပြန့်နက်ရှိုင်းသော အနက်အဓိပ္ပာယ်တို့ အသက်ဝင်နေပါသည်။ ငြိမ်းချမ်းမှု ဆိတ်သုဉ်းခြင်းသည် အခွင့်အလမ်းတို့ ကင်းမဲ့ခြင်းပင် ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကာလအတွင်း ငြိမ်းချမ်းမှု အပြည့်အဝ မရရှိခဲ့ခြင်းကြောင့် တိုင်းရင်းသားပြည်သူတို့သည် အခွင့်အလမ်းကောင်းများစွာကို ဆုံးရှုံးခဲ့ရပါသည်။
ပစ္စုပ္ပန်ကာလ၌ ငြိမ်းချမ်းမှု အခန်းကဏ္ဍကို ပိုမိုပေါ်လွင်စေသည်မှာ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ဖြစ်ပါသည်။ အာဆီယံ စီးပွားရေးရိပ်မြုံ (ASEAN Economic Community-AEC) နှင့် တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (OBOR) တို့ကဲ့သို့သော ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတို့၌ မြန်မာနိုင်ငံအခန်းကဏ္ဍသည် အချက်အချာနေရာ၌ ရှိပါသည်။ ဤအချက်အချာကျသော အခန်းကဏ္ဍကိုသာ မြန်မာနိုင်ငံက ထိထိရောက်ရောက် အသုံးချနိုင်စွမ်း ရှိပါက အခွင့်အလမ်းကောင်းများစွာကို ဆုပ်ကိုင်အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ပါက ဖြစ်လာနိုင်ခြေရှိသော ဤအခွင့်အလမ်းကောင်း များစွာတို့သည် သဲထဲရေသွန်သကဲ့သို့ အလဟဿ ဆုံးရှုံးသွားမည် ဖြစ်ပါသည်။ ဤဖြစ်စဉ်သည် “ ငြိမ်းချမ်းမှုကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှု ” ဟူသော သဘောတရားကို လှစ်ဟပြသလိုက်သော ဖြစ်စဉ်တစ်ရပ်ဖြစ်ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ ဒါဟာ ကျွန်မတို့အတွက်တင် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နောင်လာနောက်သားများ အားလုံးအတွက် လှမ်းနေတဲ့ ခြေလှမ်းတွေလို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ခြင်းသည် ဤသမိုင်းဝင်ဓာတ်ပုံ၏ လေးနက်မှုကို ဖော်ပြနေပါသည်။ ပို၍ တိတိကျကျ တင်ပြရပါက ဤဓာတ်ပုံသည် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)၌ ပါဝင်လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်လိုက်ခြင်းကို ဖော်ပြသည့် ဓာတ်ပုံဖြစ်ပါသည်၊ တစ်နည်းအားဖြင့်ဆိုသော် ငြိမ်းချမ်းမှုကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်တော့မည်ကို ဖော်ပြသည့် ဓာတ်ပုံဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
ကြေးမုံ (အယ်ဒီတာ့အာဘော်)