နေပြည်တော်  အောက်တိုဘာ ၁၉

 

ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးသို့ တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံမှ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် (၈၇) နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉) တို့ကို လိုက်နာမှုအပေါ် စစ်ဆေးရန် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၄၄) ကြိမ်မြောက် ILO အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးက စုံစမ်းစစ်ဆေးရေး ကော်မရှင် Commission of Inquiry (COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ပြန်လည်တုံ့ပြန်နိုင်ရန်နှင့် ILO ၏ စွပ်စွဲချက်များကို ချေဖျက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တိကျသည့် အချက်အလက်များ တောင်းခံစုစည်းရန် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ILO မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် Commission of Inquiry (COI) ဖွဲ့စည်းမှုကို ကန့်ကွက်စာအား ဇွန် ၁၄ ရက်နှင့် ၂၉ ရက်တို့တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ခဲ့ပြီး အကြိမ် (၁၁၀) မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကာလအတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်ကို ဇူလိုင် ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း။

 

(၃၄၄) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၊ (၃၄၅) ကြိမ်မြောက် ILO အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးနှင့် (၁၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကာလအတွင်း ကျင်းပခဲ့သော စံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ ကော်မတီအစည်းအဝေး၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ILO သို့ တုံ့ပြန်ချေပနိုင်ရန် မူကြမ်းပြုစုထားရှိမှုအပေါ် တက်ရောက်လာသူများက သက်ဆိုင်ရာ ဌာနအလိုက် ပိုမိုကောင်းမွန်သည့် အချက်အလက်များရှိပါက ပြင်ဆင်ဖြည့်စွက်နိုင်ရေး ထပ်မံဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ်က စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တုံ့ပြန်ရန်အချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးကြသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေးနွေးပြီး တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးချက်များအပေါ် တုံ့ပြန်ရန်အချက်များကို အတည်ပြုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn