ပန်းချီအမ်ထွန်းအောင် (NUAC)
မိုးတစိမ့်စိမ့်ရွာသော ရုံးပိတ်ရက်စနေနေ့ (၂၇-၇-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော ပါမောက္ခချုပ်များ၏ အတွေ့အကြုံရှင်းလင်းပွဲ (Dissemination Seminar)သို့ အနုပညာသင်ကြားရေး တာဝန်ရှိသူတစ်ဦးအနေဖြင့် တက်ရောက်ခဲ့သည်။ ယခုပွဲကို အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ စီစဉ်ကြီးကြပ်မှုဖြင့် ပါမောက္ခချုပ်များကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။ ယခုအစီအစဉ်ကို ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်ရှိ ဌာနပေါင်းစုံအတွက် ကျင်းပပြီး ဩဂုတ်လ ၄ ရက်နေ့တွင် မန္တလေး၌ကျင်းပခဲ့သည်ကို ဖတ်ရသည်။ ကျွန်တော်တက်ရောက်ခဲ့သည့်အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ် ၂၃ ခုမှ တာဝန်ရှိသူ ၁၀ ဦးစီကို ဖိတ်ကြားထားသည်။ ထူးခြားသည်မှာ ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများမှ ကိုယ်စားလှယ်များ ပါဝင်ခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခြင်းဖြစ်သဖြင့် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။
အကျိုးရှိနိုင်မည်
ဖွင့်ပွဲတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၏ ပြောစကားများမှာ ဗဟုသုတရပြီး အားရစရာကောင်းလှသည်။ မိမိတို့တက္ကသိုလ်၏ အဆင့် အတန်း (Brand)ကို မြှင့်တင်ရန်၊ စာတမ်းများကို နိုင်ငံတကာသုတေသနဂျာနယ်များတွင် တင်သွင်းနိုင်ရန်၊ တက္ကသိုလ်များ၏ မွေးထုတ်ပေးနိုင်မှုနှင့် လုပ်ငန်းခွင် လိုအပ်ချက်မျှခြေကို တွက်ချက်ခေါ်ယူရန်၊ ဘွဲ့ရပြီး အလုပ် အကိုင်ရရှိရေးဖန်တီးပေးနိုင်ရန်၊ တက္ကသိုလ်များ ပြင်ပကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အတွက် သင်ရိုးများရေးဆွဲရန်၊ လျှပ်စစ်အားနှင့် လိုအပ် ချက်များကို သုတေသနပြုလုပ်နိုင်ပါက အကျိုးရှိနိုင်မည် ဖြစ်ကြောင်း မှတ်သားရပါသည်။
ဆက်လက်ပြီး ပါမောက္ခချုပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောကြားရာတွင် တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ တက္ကသိုလ်ကောင်စီနှင့် ဆရာ၊ ကျောင်းသားသမဂ္ဂ တို့က တက္ကသိုလ်ပဋိညာဉ် အတည်ပြုနိုင်ရေး၊ ရန်ကုန်နှင့် မန္တလေးတို့တွင် တက္ကသိုလ် ၈ ခု ပေါင်းစည်းပြီး အမျိုးသား တက္ကသိုလ် (National University) သတ်မှတ်ဆောင်ရွက် ရေး၊ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ် တစ်ပိုင်း သို့မဟုတ် အပြည့်အဝပေးနိုင်ရေးအတွက် စွမ်းဆောင်ရည်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ရေးကိစ္စများကို ရှင်းပြသွားသည်ကို မှတ်သားရသည်။
စိတ်ဝင်စားစရာကောင်း
နည်းပညာတိုးတက်မှုကြောင့် ဗဟုသုတ နှစ်ဆ တိုးရန် လွန်ခဲ့သောငါးနှစ်က ဆယ့်နှစ်လကြာသော်လည်း ယခုအခါ အချိန် ၁၂ နာရီသာလိုကြောင်း၊ ယခု ပါမောက္ခချုပ် များက ခေါင်းစဉ် ၇ ခုဖြင့် အတွေ့အကြုံများကို ဝေမျှ ဟောပြောကြမည် ဖြစ်ကြောင်း၊ ပြီးလျှင် အစုအဖွဲ့လိုက် ပြန်လည်ဆွေးနွေးတင်ပြပြီး လက်တွေ့ကျင့်သုံးနိုင်ရန် ဖြစ်ကြောင်း၊ ရလဒ်များကို တက္ကသိုလ်များတွင် မဟာ ဗျူဟာရေးဆွဲပြီး ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော်သွားနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း အကျယ်တဝင့်ရှင်းပြသွားသည်မှာ စိတ်ဝင်စားစရာကောင်းလှပြီး မှတ်သားစရာများဖြင့် ပြည့်နှက်နေသည်။
ခေါင်းစဉ်အလိုက်ဆွေးနွေး
အစီအစဉ်ပထမပိုင်းအဖြစ် ပါမောက္ခချုပ်များက Teaching for tomorrow, Effect of Digitalization on Higher Education, Internationalization, University link for Industry Engagement, Comprehensive University, International Quality Assurance, Research Capacity Building in Universities ခေါင်းစဉ် များဖြင့် မိနစ် ၂၀ စီ ဆွေးနွေးဟောပြောခဲ့ကြသည်မှာ အတွေးအမြင်သစ် များစွာရရှိခဲ့ပါသည်။ ဆက်လက်ပြီး အစုအဖွဲ့ ခုနစ်ခုခွဲကာ ခေါင်းစဉ်အလိုက်ဆွေးနွေးပြီး အဖွဲ့တစ်ဖွဲ့မှ တစ်ဦးစီက ရလဒ်များကို လေးမိနစ်စီ တင်ပြခဲ့ကြသည်။
သုတေသနစာတမ်းပေါင်း ၄၆၀၀ ဖတ်ကြား
နေ့လယ်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရောက်ရှိလာပြီး ကိန်းဂဏန်းအချက်အလက်များဖြင့် ပညာရေးလောက၏ စိန်ခေါ်မှုများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသွား သည်ကိုလည်း မှတ်သားရသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ တက္ကသိုလ်များတွင် ပညာရေးလွတ်လပ်ခွင့် (Academic Freedom) ရှိရန်လိုကြောင်း၊ ပညာရေးအဖွဲ့က ချမှတ်ပေးလိုက်သောပုံစံသည် ဒေသအလိုက် လိုအပ်ချက် များကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ လက်တွေ့မပါသော အပြောသက်သက် (No action, talk only) မဖြစ်ရန် လိုကြောင်း၊ ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက် တွင် ရန်ကုန်တက္ကသိုလ်သည် အဆင့် ၈၅၀၇ တွင်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများ၏ တက္ကသိုလ်အဆင့်သည် ပိုမြင့်နေ ကြောင်း၊ ယခင်ပညာသင်နှစ်တွင် သုတေသနစာတမ်း ပေါင်း ၄၆၀၀ ဖတ်ကြားခဲ့ရာတွင် တစ်ဝက်ကျော်သည် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များ၏ စာတမ်းများ ဖြစ်နေကြောင်း၊ ဘက်စုံလွှမ်းခြုံနိုင်သော တက္ကသိုလ် (Comprehensive University) ဖြစ်ရန်လိုကြောင်း၊ တက္ကသိုလ်များ၏ သင်ကြားရေးတွင် ဘာသာရပ်အမျိုးမျိုး ကို ရွေးချယ်သင်ကြားနိုင်မှု (Diversity) ၊ အခွင့်အလမ်းများ အတွက် ဝင်ပေါက်ထွက်ပေါက်ပေးနိုင်မှု (Accessibility)၊ တက္ကသိုလ်တစ်ခုမှတစ်ခု ကူးပြောင်းသင်ကြားနိုင်မှု (student mobility) ၊ တာဝန်ယူ၊ တာဝန်ခံမှုရှိခြင်း (Responsiveness) ၊ လိုအပ်ချက်များနှင့်အညီ ပြောင်းလွယ် ပြင်လွယ်ရှိမှု (Flexibility) တို့လိုအပ်ကြောင်း ရသမျှ မှတ်သားခဲ့သည်။
အဆင့်မြင့်ပညာသင်ကြားရေးကို တင်စား
ဆက်လက်ပြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ (IR 4.0) နှင့် (School Industry Partnership) ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမှုများကို နားထောင်ပြီး ရနိုင်သမျှရေးမှတ်ခဲ့သည်။ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ယနေ့ခေတ်ပညာရေးကို စက်မှုနည်းပညာတော်လှန်ရေး (Industrial Revolution) နှင့် နှိုင်းယှဉ်တင်စားပြောဆို ခြင်းဖြစ်ကြောင်း မှတ်သားရသည်။ ရေနွေးငွေ့စက်ခေါင်း တီထွင်ပြီး စက်ကိရိယာများ တီထွင်သောခေတ်ကို (IR 1.0) ဟု သတ်မှတ်ကြသည်။ လျှပ်စစ်စွမ်းအင်တိုးတက်ထွန်းကားပြီး လျှပ်စစ်ဖြင့် စက်မှုလုပ်ငန်းများတိုးတက် ထွန်းကားသောခေတ်ကို (IR 2.0) ၊ ကွန်ပျူတာအီလက်ထရွန်နစ်ပစ္စည်းများနှင့် အင်တာနက်အသုံးချမှု တွင်ကျယ်လာသောခေတ်ကို (IR 3.0) ဟု သတ်မှတ်ကြပြီး ယနေ့ခေတ်တွင် အဆင့်မြင့် ဉာဏ်ရည်တု AI (Artificial Intelligence)၊ ဆိုက်ဘာနည်းပညာနှင့် အင်တာနက်ကို အသုံးချနိုင်မှု စွမ်းအားဖြင့် လူမှုဘဝကို မြှင့်တင်ပေးသော စက်မှုတော်လှန်ရေး (IR 4.0)ဟု မှတ်သားရသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း ခေတ်သစ်စက်မှု တော်လှန်ရေးနှင့်နှိုင်းယှဉ်ပြီး ခေတ်ကာလ တောင်းဆိုချက် နှင့်အညီ အဆင့်မြင့်ပညာသင်ကြားရေးကို တင်စားခြင်း ဖြစ်သည်။
တွက်ချက်ပြင်ဆင်ထားရန်လို
ဆရာကြီး ဒေါက်တာအောင်ထွန်းသက်၏ ဟောပြော ချက်များကို မှတ်သားမိသလောက် အချက်များမှာ “ယနေ့ခေတ်ပညာသင်ကြားရေးသည် နောင်ဆယ်နှစ်တွင် ဖြစ်ပေါ်လာမည့် နည်းပညာများအတွက် ယခုကတည်း ကပင် စဉ်းစားတွက်ချက်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ မတူကွဲပြားမှုသည် အင်အားပင်ဖြစ်ပြီး မတူကွဲပြားမှုကို လက်ခံရန်လိုကြောင်း၊ IR(4.0)သည် ပြုပြင်ပြောင်းလဲရေး (Reform)မဟုတ်ဘဲ အသွင်ကူးပြောင်းရေး (Transforma-tion) ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှု (Innovation)ကို အားပေးသောသင်ရိုးဖြစ်ရန်လိုပြီး ဘာသာရပ်နှင့် မသက် ဆိုင်ကြောင်း၊ တက္ကသိုလ်ဆရာ ဆရာမအနေဖြင့် သုတေ သန၊ သင်ကြားရေးနှင့် သုတေသနဂျာနယ်များ ထုတ်ဝေ နိုင်ရေး (Research, Teaching, Publication) အဓိက ဆောင်ရွက်ရန် လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကို အဖြေဖြေတတ်အောင်ထက် မေးခွန်းမေးနိုင်အောင် သင်ကြားပေးခြင်းသည် မှားသောအဖြေကိုဖြေခြင်းထက် ပိုကောင်းကြောင်း၊ တစ်ဦးချင်းထူးချွန်မှုထက် အစုအဖွဲ့ လိုက် ထူးချွန်မှုသည် ပိုအရေးပါကြောင်း၊ ပညာရေးဆိုသည် မှာ အချက်အလက်များကို မှတ်သားခြင်းထက် တွေးခေါ် စဉ်းစားဆင်ခြင်တတ်အောင် သင်ပေးရန်လိုကြောင်း၊ ယခု ကျောင်း၊ တက္ကသိုလ်များသည် စက်ရုံအလုပ်ရုံများနှင့် တူနေကြောင်း၊ များများလက်ခံ၊ မြန်မြန်မွေးထုတ်ပေးခြင်း ကို အလေးပေးကြောင်း၊ တော်ခြင်း၊ ညံ့ခြင်းကို စာမေးပွဲ စနစ်ဖြင့် တိုင်းတာခွဲခြားခြင်းသည် အပြည့်အဝမမှန် ကြောင်း၊ ယနေ့ခေတ်တွင် အလုပ်လက်မဲ့များနေကြောင်း၊ ပြန်ဆန်းစစ်ကြည့်ပါက အလုပ်မရှိခြင်းမဟုတ်ဘဲ ကျွမ်းကျင်သောအလုပ်မလုပ်တတ်ခြင်း (ကျွမ်းကျင် လုပ်သားရှားပါးခြင်း)သာဖြစ်ကြောင်း၊ ကြိုးစားအလုပ် လုပ်ခြင်း(Working Hard)ထက် ကြိုးစားလေ့လာ သင်ယူခြင်း (Learning Hard)ကို သင်ပေးရန်လိုကြောင်း။
အလုပ်နှင့်ဘဝ မျှတရန်လို
အလုပ်ကြိုးစားလုပ်ခြင်း (Working Hard)ထက် စမတ်ကျသော အလုပ်လုပ်မှု (Working smart) ဖြစ်ရန် လိုကြောင်း၊ အလုပ်နှင့်ဘဝ မျှတရန်လိုကြောင်း၊ နားထောင်ခြင်းအနုပညာ (The Art of Learning) သည် အရေးကြီးကြောင်း၊ ဟန်ဆောင်နားထောင်ခြင်းသည် အလုပ်မဖြစ်ကြောင်း၊ များများလေ့လာခြင်း (Thick Learning)ထက် အလေးထားလေ့လာခြင်း (Deep Learning) ဖြစ်ရန်လိုကြောင်း၊ ဗဟုသုတသည် အင်အား ဖြစ်သော်လည်း အသုံးချမှသာ အရာရောက်ကြောင်း၊ (Knowledge is power for need to apply)၊ အောက်က လူကို တာဝန်မပေးဘဲ ထိပ်ပိုင်းက တာဝန်ယူရမည် ဖြစ်ကြောင်း၊ တစ်ချိန်တစ်ခါက ဝန်ကြီးအဆင့်နေအိမ်နှင့် ရန်ကုန်တက္ကသိုလ်တွင်းရှိ ပါမောက္ခများနေအိမ်သည် ပုံစံအတူတူပင်ဖြစ်ကြောင်း၊ ရာထူးမတူသော်လည်း တန်ဖိုးထားမှုအဆင့်အတန်းကို ပြသခြင်းပင် ဖြစ်ကြောင်း၊ ပညာရေးလောကကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ချိတ်ဆက် ပေးရန်လိုကြောင်း၊ တစ်ချိန်က ရန်ကုန်တက္ကသိုလ် ပါမောက္ခ ချုပ်များသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်နှင့် ကင်းဘရစ်ချ် ကဲ့သို့ တက္ကသိုလ်များတွင် ပါမောက္ခတာဝန်ထမ်းဆောင်ခဲ့ သူများဖြစ်ကြောင်း၊ ဘွဲ့ရရှိခြင်းသည် ပညာရေး၏အဆုံး မဟုတ်ဘဲ အစသာဖြစ်ကြောင်း၊ စီးပွားရေးဥပဒေသတွင် "သူများကမရွှေ့လျှင် ကိုယ်ကအရင်ရွှေ့သောသီအိုရီ (First mover advantage)နှင့် နောက်ကျသူ၏အခွင့်ရေး (Late corner advantage) တို့ကို အသုံးချတတ်ရန်လိုကြောင်း ဗဟုသုတများစွာ နားထောင်မှတ်သား လိုက်ရသည်။ နံနက် ၈ နာရီခွဲမှ စတင်သောအစီအစဉ်များ ညနေ ၅ နာရီ ခွဲတွင်ပြီးဆုံးခဲ့ပြီး အပြန်တွင်လည်း စဉ်းစားစရာအတွေး များစွာဖြင့် အိမ်ပြန်ရောက်ခဲ့သည်။
ကမ္ဘာကြီးနှင့်ချိတ်ဆက်နိုင်
နောက်တစ်နေ့နံနက်တွင် အချိန်ပိုင်းဒီပလိုမာ သင်တန်းသားများနှင့်အတူ မှော်ဘီတွင်ရှိသော ပန်းချီ အေးကို၏ "New Zero Village Art Garden" သို့ သွားရောက်ဖြစ်သည်။ မှော်ဘီသို့သွားရင်း ကားပေါ်တွင် မနေ့ကတက်ရောက်ခဲ့သည့် ပညာရေးပြုပြင်ပြောင်းလဲမှု အတွေးများက အမျှင်မပြတ်၊ တွေးတောငေးမောရင်း "New Zero Art Garden" သို့ ရောက်ရှိခဲ့သည်။ ပြခန်း တည်ထောင်သူ ပန်းချီဆရာအေးကိုက သူ၏ပန်းချီပြပွဲများ၊ သင်တန်းများ၊ ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် (power point)ဖြင့် ရှင်းပြသည်။ သင်တန်းသားများ၏ မေးမြန်း ချက်များကို ဖြေကြားရာတွင် အဓိကအချက်မှာ အနုပညာတော်၊ ထူးချွန်ရုံနှင့်မပြီး နိုင်ငံတကာကသိရှိဖို့ ထိုးဖောက်နိုင်ရန်မှာ အဆင့်အတန်းမြင့်သော နိုင်ငံတကာ ပွဲတော်များတွင် ပါဝင်ပြသနိုင်ရန် အွန်လိုင်းမှတစ်ဆင့် ဘောင်ဝင်အောင် ရေးသားလျှောက်ထားရန်လိုကြောင်း၊ အပြင်သို့မထွက်ဘဲ ကိုယ့်အသိုက်အမြုံထဲမှ စောင့်မျှော် နေခြင်းသည် အလုပ်မဖြစ်ကြောင်း၊ ကမ္ဘာ့ရွာကြီးထဲတွင် အထီးကျန်နေ၍မရကြောင်း၊ ကမ္ဘာကြီးနှင့်ချိတ်ဆက်ပြီး မိမိ၏အနုပညာအရည်အသွေးကို ပြသရန်လိုကြောင်း ရှင်းပြသည်။
ဆွေးနွေးချက်များကို နားထောင်ရင်း ဆရာကြီး ဒေါက်တာအောင်ထွန်းသက်၏ IR(4.0) ဟောပြော ချက်များက အတွေးထဲပြန်ဝင်လာသည်။ ယနေ့ ဆိုက်ဘာ အင်တာနက်ခေတ်တွင် စမတ်ဖုန်းတစ်လုံးဖြင့် ကမ္ဘာ ကြီးနှင့် ချိတ်ဆက်နိုင်ရန်မှာ အနုပညာသမားများအတွက် လည်း အဓိကကျနေသည်ကို သတိထားမိသည်။
စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်
ဆက်တိုက်ဆိုသလိုပင် တနင်္လာနေ့တွင် ဟွေယွန်း နည်းပညာကုမ္ပဏီက ကွန်ပျူတာနှင့် ချိတ်ဆက်ပြီးဆော့ဝဲလ်များအသုံးပြု ပန်းချီဆွဲသည့်သင်ပုန်း (Tablet)ကို မိတ်ဆက်ပွဲစီစဉ်ရသည်။ ထူးခြားသည်မှာ ယခင်က သင်ပုန်းတက်ဘလက်မှာ ကွန်ပျူတာရှိမှ သုံးနိုင်သော် လည်း ယခုအခါ စမတ်ဖုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် နည်းပညာ ပါဝင်လာခြင်းပင်ဖြစ်သည်။ စမတ်ဖုန်းနှင့် ပန်းချီဆွဲလိုသူ ကျောင်းသားလူငယ်များ စိတ်ဝင်စားကြ သည်။ ဈေးနှုန်းတစ်သိန်းအောက်ကို အရစ်ကျဝယ်ယူ နိုင်ရန်စီစဉ်ပြီး ဈေးကွက်ထိုးဖောက်လာမှုက အတုယူ စရာပင်။ သရုပ်ပြရေးဆွဲသူ ဖိလစ်ပိုင်နိုင်ငံသူ ကက်သရင်းက အသက် ၃၀ ခန့်သာရှိသေးပြီး နာမည်ကြီး ရုပ်ပြ DC Comic and marvel တွင် ပရော်ဖက်ရှင်နယ် ရေးဆွဲခဲ့သူဖြစ်ပြီး ယခုကိုယ်ပိုင်အလုပ်ဖြင့် အပ်ထည် များကို အွန်လိုင်းမှ ပေးပို့၊ အွန်လိုင်းမှ ငွေရှင်းစနစ်ဖြင့် နည်းပညာကို အပြည့်အဝအသုံးချပြီး အောင်မြင်နေသူ လူငယ်တစ်ဦးဖြစ်သည်။ ပန်းချီရေးဆွဲရန် Manga Studio software ၊ ပန်းပုထုရန် Z Brush, Maya software တို့လို နည်းပညာများက အရေးပါလှသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က နေပြည်တော်တွင် ဗုဒ္ဓဂယာမှ မြတ်စွာ ဘုရားလျောင်းတော်မူပုံ သုံးဖက်မြင်ဓာတ်ပုံရိုက်ပြီး စက်ဖြင့် အတိအကျပန်းပုထုနေသည်ကို တွေ့ခဲ့ရသည်။ အိန္ဒိယမှ မူရင်းရုပ်တုအတိုင်း အသေးစိတ် အဆင့်မြင့် ဆော့ဝဲလ်များကို ကွန်ပျူတာဖြင့် ပုံဖော်နေသည်ကို တွေ့မြင်ခဲ့သည်ကို အမှတ်ရသည်။ ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနုပညာအားလုံး အဆင့်မြင့်နည်းပညာ များအားလုံး အွန်လိုင်းတွင်ရှိနေသည်။ သိရှိလေ့လာ၊ အသုံးချနိုင်ရန်သာလိုသည်။
ဆယ်ဆပိုမိုမြန်ဆန်လာမည်
တစ်ဆက်တည်းမှာပင် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် သတင်းစာများတွင် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 ကို လွှတ်တင်မည့် သတင်းဖတ်ရပြီး သဂုတ်လ ၆ ရက်နေ့တွင် အောင်မြင်စွာလွှတ်တင်ခဲ့ သည်များကို တီဗွီတွင် ကြည့်ရသည်။ ၎င်းဂြိုဟ်တုကို အောက်တိုဘာလတွင် စတင်အသုံးပြုပြီး ယခင်ကထက် အင်တာနက်ဂြိုဟ်ရံဆက်သွယ်ရေး ဆယ်ဆပိုမိုမြန်ဆန် လာမည်ဖြစ်ကြောင်း ဖတ်လိုက်ရသည်။ အဆင့်မြင့် နည်းပညာဖြင့် e-Application, e-Education, e-Health, e-government ဆောင်ရွက်မှုများတွင် သတင်းအချက်အလက်နည်းပညာတို့ကို မြန်နှုန်းမြင့် ဆက်သွယ်ရေးဖြင့် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ သဂုတ်လ ၅ ရက်က မြန်မာ့အလင်းသတင်းစာတွင် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုက (5G) အင်တာနက် ကွန်ရက်စနစ် စမ်းသပ်ခဲ့သည်ကို ဖတ်ရှုရသည်။ အမြန် နှုန်း (download/ Upload) က 3G ထက် ဆယ်ဆသာ သည်။ အမြင့်ဆုံးအမြန်နှုန်း (1.5Gbps) ရရှိသည်ဟု ဖတ်ရသည်။ တစ်စက္ကန့်အတွင်း ရရှိနိုင်သော အမြင့်ဆုံး အမြန်နှုန်းဖြစ်သည်။ အရည်အသွေးမြင့် Full HD ရုပ်ရှင် တစ်ကားကို မိနစ်ပိုင်းအတွင်း အင်တာနက်မှ ကူးယူနိုင် သည့် နည်းပညာဖြစ်သည်။
တစ်ပတ်ကျော်အတွင်း တွေ့ကြုံဖတ်ရှုရမှုများ အားလုံးက ဆက်စပ်မှုများရှိနေကြသည်။ ပညာရေးပြုပြင် ပြောင်းလဲမှု၊ IR 4.0 နှင့် 5G Network ၊ Myanmar set 2 ဂြိုဟ်တုလွှတ်တင်နိုင်မှုများသည် အဆင့်မြင့်ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဆက်စပ် နေသည်။ ခြုံငုံဆက်စပ်တွေးကြည့်လျှင် စက်မှုနည်းပညာ တော်လှန်ရေး (IR 4.0)ခေတ်တွင် ခေတ်သစ်အဆင့်မြင့် ဆိုက်ဘာ နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာများ ကို အသုံးချနိုင်သူ ရှေ့ရောက်မည့်ခေတ် ဖြစ်နေသည်ကို တွေ့ရသည်။ နိုင်ငံအချင်းချင်း ပခုံးချင်းယှဉ်ပါကလည်း အဆင့်မြင့်နည်းပညာ အားသာသော နိုင်ငံက ခေါင်း တစ်လုံးသာမည်မှာ သေချာသည်။ ပညာရေးကဏ္ဍတွင် လည်း သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ နည်းပညာများကို ရှေးရှုသင်ကြား လေ့ကျင့်ပေးထား သော ပညာရေးက အဓိကအရေးပါပြီး အလုပ်အကိုင် အခွင့်လမ်း ပိုမိုအားကောင်းမည်ဖြစ်သည်။ သင်ယူသူ ဗဟိုပြုပြီး တီထွင်ဖန်တီးမှုကို အားပေးသော ပညာရေး သင်ရိုးသည် အရေးပါလာသည်။ အီဂျစ်နိုင်ငံက ကမ္ဘာ့ ဘဏ်ချေးငွေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုအဖြစ် ပညာရေးသင်ခန်းစာများ အပြည့်ထည့်ထားသော သင်ပုန်းတက်ဘလက်များကို ကျောင်းသားများလက်ထဲ အရောက် ထည့်ပေးသည်ဟု ကြားသိရသည်။ အိမ်နီးချင်း နိုင်ငံအချို့နှင့် အာရှနိုင်ငံများလည်း (IR 4.0) အတွက် စီမံကိန်းများရေးဆွဲပြီး မူဝါဒများချမှတ်နေပြီဟု သိရ သည်။ ။
ရည်ညွှန်းချက်များ
၁။ ၂၇-၇-၂၀၁၉ နေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင်ပြုလုပ်ခဲ့သော အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေါက်တာအောင်ထွန်းသက်၏ IR 4.0 and Industry Partnership ဟောပြောချက်များ
၂။ ၂၂-၇-၂၀၁၉ နေ့ထုတ် The Voice weekly ဂျာနယ် စာမျက်နှာ(ပါ) တင်လင်းထက်၏ "စတုတ္ထမြောက် ပညာ့တော်လှန်ရေးတပ်လှန့်သံ" ဆောင်းပါး
၃။ ၃၁-၇-၂၀၁၉ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၈)ပါ တွေ့ဆုံမေးမြန်းခန်း
၄။ ၅-၈-၂၀၁၉ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၂၄ ပါ သူရဖြိုး၏ သတင်းအချက်အလက်