တစ်ချိန်က အလွန်ကိုကျော်ကြားခဲ့တဲ့ ဗြိတိန်ပေါ့ပ် တေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Spice Girls ဟာ ဇာတ်လမ်းတွဲရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ရာ ဆွေးနွေးနေကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
Spice World: The Movie Sequel လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲရုပ်ရှင်ဟာ အဆိုပါ တေးဂီတ အဖွဲ့အကြောင်း ပုံဖော်သွားမှာဖြစ်ပြီး အဆိုပါရုပ်ရှင်တွေဟာ ယခင်ပြသခဲ့ပြီးဖြစ်တဲ့ Spice World ရုပ်ရှင်ရဲ့ လာမယ့်နှစ်မှာကျရောက်မယ့် ၂၅ နှစ်ပြည့် နှစ်ပတ်လည်အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ တေးဂီတအဖွဲ့ဟာ ၂၀၁၉ ခုနှစ်အတွင်း အဖွဲ့ဝင်တွေ ပြန်လည်စုစည်းကာ တေးဂီတဖျော်ဖြေပွဲ တစ်ခုကျင်းပခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲမှာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်း ပါဝင် ခဲ့ခြင်းမရှိပေမယ့် ဇာတ်လမ်းတွဲရုပ်ရှင်တွေမှာတော့ သူပါဝင်နိုင်ဖို့ရာ အခြားသောအဖွဲ့ဝင်တွေက မျှော်လင့်နေကြပါတယ်။
သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါရုပ်ရှင်တွေကို လက်ရှိမှာ စတင်ဖန်တီးနေပြီ ဖြစ်ကြောင်း၊ ဇာတ်ညွှန်းရေးသားနေတဲ့ အဆင့်မှာသာရှိသေးပြီး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်နိုင်ရေး ဆွေးနွေးနေကြောင်းလည်း သိရပါတယ်။ အဖွဲ့ဝင်ငါးဦးစလုံးပါဝင်တဲ့ ရုပ်သံဖန်တီးမှု ရုပ်ရှင် ရိုက်ကူးထုတ်လွှင့်ဖို့ရာ စီစဉ်ခဲ့နေကြောင်း ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဖော်ပြောကြားခဲ့ဖူးတယ် လို့လည်း သိရပါတယ်။
မူရင်း Spice World တေးဂီတရုပ်ရှင်ဟာ တေးဂီတအဖွဲ့တစ်ဖွဲ့က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေအနက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ဟာ ရုံတင်ပြသချိန်မှာ ဝင်ငွေ ပေါင်သန်း ၇၀ ရရှိခဲ့ပြီး အလွန်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်မှာ အခြားသော နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ ဆာအယ်လ်တန်ဂျွန်၊ မိလုပ်ဖ်နဲ့ ရက်ချက်အီးဂရန့်တို့ ပါဝင်ထားကြကြောင်း လည်း သိရပါတယ်။
အေးပြည့်