ရန်ကုန် ၁၇  နိုဝင်ဘာ 

 

ဇာတ်ညွှန်းရေးသူများကို ပြည်သူများပိုမို ရင်းနှီးလာစေရန်နှင့် ၎င်းတို့၏ ရေးသားမှုဆိုင်ရာ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ဇာတ်ညွှန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည်။

 

 

ဆွေးနွေးပွဲတွင် ဇာတ်ညွှန်းရေးသူများဖြစ်သည့် မိုးနီလွင် ၊ L မင်းပြည့်မွန်၊ M နိုး နှင့် ဇော်ဇော်(Ad.leono)တို့က “ဇာတ်ညွှန်းနှင့် ရင်းနှီးမြှုပ်နှံမှု”ခေါင်းစဉ်ဖြင့်   ဆွေးနွေးကြသည်။

 

ဇာတ်ညွှန်းရေးသူ L မင်းပြည့်မွန်က “ဇာတ်ညွှန်းဆိုတာ ရုပ်ရှင်အတွက် အရေးပါတဲ့အခန်းကဏ္ဍ တစ်ခုပါ။  ပုံမှန်အတိုင်း ရေးဟန်တွေကနေ အခုနောက်ပိုင်း နိုင်ငံတကာပုံစံဝင်အောင် ရေးလာကြတယ်။ အခြေခံ ပုံစံချင်းတူအောင် ရေးလို့ရပေမယ့် ခေတ်နဲ့အံဝင်လာအောင် တွေးပုံတွေးနည်းကတော့ နည်းနည်းကွာတယ်။ ကျွန်တော်တို့က အမီလိုက်ဖို့လိုလို့ တကယ်တိုးတက်အောင် လုပ်နေကြတဲ့ သူတွေကို ဖိတ်ခေါ်ပြီး အခုလိုဆွေးနွေးပွဲတွေ ကျင်းပဖြစ်တာပါ”ဟုပြောသည်။

 

ပြည်ပမှ ဇာတ်ညွှန်းရေးဆရာများ၏ အထောက်အကူများကို လက်ခံသင့်သော်လည်း မိမိ နိုင်ငံ၏ ယဉ်ကျေးမှုကို သိရှိနားလည်ပြီးဖြစ်သည့် ပြည်တွင်းဇာတ်ညွှန်းရေးဆရာများကသာ အဓိက ကြိုးပမ်းဖော်ဆောင်ရမည် ဖြစ်ကြောင်း ဇာတ်ညွှန်းရေးသူ M နိုး ကဆိုသည်။

 

 

ဇာတ်ညွှန်းရေးသူ ဇော်ဇော်(Ad.leono) ကလည်း “ အဓိကအသက်က ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းပါ။  ဒါမကောင်းရင် ကျန်တာတွေ ဘယ်လောက်ကောင်းကောင်း ဘာမှဖြစ်မလာတော့ဘူး။ ဇာတ်လမ်း ဇာတ်ညွှန်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ သယ်ယူသွားတာ၊ ဇာတ်ကောင်းစရိုက်တွေ ပီပြင်အောင် အချိန်ပေးပြီးစီစဉ်တာ၊ အကြိမ်ကြိမ်အခါခါ သုံးသပ်ရေးသာပြီးမှ ဇာတ်ညွှန်းကောင်းတစ်ခု ထွက်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကြိုးစားဆဲပါ။ လူငယ်ဇာတ်ညွှန်းရေး ဝါသနာပါသူတွေ အနေနဲ့ များများတွေး၊ များများရေးပြီး တတ်သိနားလည်သူတွေကို အကြံဉာဏ်တောင်းပါ။ နိုင်ငံတကာက ဇာတ်ညွှန်းရေးသားနည်း တွေကိုလည်း အွန်လိုင်းက လေ့လာပါ။ ကျွန်တော်တို့နိုင်ငံက ငွေပမာဏအများကြီးနဲ့ မရိုက်နိုင်သေးဘူး၊ ဒါ့ကြောင့် ဇာတ်လမ်းကောင်းဖို့၊ ထိုးဖောက်နိုင်ဖို့ ဇာတ်ညွှန်းကိုပဲ အားကိုးရမှာပါ”ဟုပြောသည်။

 

ယခုဆွေးနွေးပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်က “ရုပ်ရှင်နှင့် မြန်မာ့ဟန်” ခေါင်းစဉ်ဖြင့် ပထမအကြိမ်ဆွေးနွေးခဲ့ကြသည်။ ဇာတ်ညွှန်းနှင့်ပတ်သက်သည့်ဆွေးနွေးပွဲများကို နှစ်ပတ်ခြား တစ်ခါ စနေနေ့တိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - မြတ်စန္ဒီ

 

ဓာတ်ပုံ - ရဲထွဋ်