ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊  ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်

သတင်းဆောင်းပါး - စန်းနီလာဝင်း

သရေခေတ္တရာ   ဧကရာဇ်နိုင်ငံ တော်ခေတ်ဖြစ်သော ပျူခေတ်ကပင် အနုသုခုမသဘင်  ထွန်းကားခဲ့သည်။ မဇ္ဈိမတိုင်း  အိန္ဒိယပြည်မှ  တူရိယာများ၊ စိန့်တိုင်းတရုတ်ပြည်မှ တူရိယာများကို ပျူတို့သည် မိမိတို့၏ မူပိုင်တူရိယာများ ဖြစ်သော နှဲ၊ ပတ်သာ၊ စည်းစုပ်  စသည် တို့နှင့်  ပေါင်းစပ်သီဆိုတီးမှုတ်   ကပြခဲ့ ကြသည်။

ပုဂံခေတ်သို့ ရောက်လာသောအခါ အနုသုခုမ သဘင်ပညာဆိုင်ရာ ပစ္စည်း များမှာ ယခင်ကထက် များစွာပြည့်စုံ လာခဲ့သည်။ ပုဂံဘုရားများ၏ နံရံများ ၌ ရေးဆွဲထားခဲ့သော  နန်းတွင်းကခြေ သည်ပုံများ၊ အမျိုးသမီးဂီတပညာရှင်များ၏ပုံများကို      မြင်တွေ့ရသည်။   ပုဂံခေတ်က      ရေးထိုးထားခဲ့သော ကျောက်စာများကို   လေ့လာကြည့်ခြင်း အားဖြင့် ပုဂံခေတ် အနုသုခုမ  ပညာရှင် တို့၏လုပ်ငန်းဆောင်တာများကိုတွေ့မြင်ရသည်။

ပဒေသရာဇ်ခေတ်က အနုသုခုမသဘင်

ပင်းယ၊ မြင်စိုင်းခေတ်၌ ကာချင်း များ၊ ကာကခြင်းများ  ခေတ်စားလာ ခဲ့သည်ကို  တွေ့ရှိရသည်။ ကာချင်းမှာ ပဒေသရာဇ်ခေတ်က စစ်ချီသီချင်းဖြစ် ပြီး ကာကမှာ စစ်ရေးပြအကဖြစ်သည်။ မြန်မာ့ဆိုင်းပညာရှင်      သုတေသီ အလင်္ကာကျော်စွာ  ဆရာစိန်ဗိုလ်တင့် ရှိခဲ့စဉ်က  ကာချင်းသီချင်းတီးလုံးများ ကို   သုတေသနပြု   ဖော်ထုတ်တီးခတ်ခဲ့ သည်ကို အမှတ်ရနေမိပါသည်။

ပဒေသရာဇ်ခေတ်က  ပြာသိုလ တွင် မြေနန်းတော်ရှေ့၌ ကာရေးသဘင်၊ မြင်းခင်းသဘင်များကို   ကျင်းပခဲ့ကြ သည်။ ကုန်းဘောင်ခေတ်သို့ ရောက်ရှိ လာခဲ့သောအခါ     ကာချင်းသဘင် ကွယ်ပျောက်ခဲ့ပြီး မြင်းခင်း ၃၇ ချင်းနှင့် အဲမောင်း လှံရေး ၃၇ ချင်း စသည်တို့ကို ခင်းကျင်းပြသခဲ့သော မြင်းခင်းသဘင် ဟူ၍ တွင်ကျယ်လာခဲ့သည်။ ကာချင်း၊ မြင်းခင်း ၃၇  ချင်းနှင့်  အဲမောင်းလှံရေး  ၃၇   ချင်းတို့မှာ စစ်သည်ရဲမက်တို့ကို  ရဲစိတ်  ရဲမာန်   ဇာတိမာန်တို့  တက်ကြွစေ သည့် မြန်မာ့ဇာတိမာန်  အမျိုးသားရေး  တေးသီချင်းများဖြစ်ခဲ့ကြသည်။ 

ကုန်းဘောင်ခေတ်၌  မြန်မာ့သဘင် ကို  (၁)အနိမ့်သဘင်၊  (၂)  အမြင့်သဘင်၊ (၃) အတီးသဘင်၊ (၄)အဆုံသဘင်ဟူ၍ ခွဲခြားခဲ့သည်။ အမြင့်သဘင်မှာ ရုပ်သေး သဘင်ဖြစ်ပြီး “ဇာတ်သဘင်အစ ရုပ်သေး သဘင်က” ဟူ၍    အဆိုပေါ်ပေါက်လာ ခဲ့သည်။ စင်တင်ရုပ်သေးသဘင်တွင်  ကြိုး ဆွဲ၊ အဆို၊ အငို၊ အပြောအတွက် အမျိုးသား  များကိုသာ   ခန့်ထားသည်။ ဇာတ်ဝင်ခန်း ၏ မင်းသမီး၏ အဆို၊ အငို၊ အပြောနေရာ တွင်    အမျိုးသားဇာတ်မင်းသားကပင် သီဆိုခဲ့ရသည်။ ပွဲကြည့်ပရိသတ်မှာ ဘုရင် နှင့် မိဖုရားများ၊  မှူးမတ်များနှင့်  နန်းတွင်း ပရိသတ်များ လူကြီးသူကြီး၊      သက်ကြီး ဝါကြီးများဖြစ်ကြ၍ ပွဲကြည့်ပရိသတ်ကို ရိုသေကိုင်းရှိုင်းလေးစားသောအားဖြင့်     ရုပ်သေးစင်ခေါ်      အမြင့်သဘင်တွင် အမျိုးသားများကသာ ကြိုးဆွဲ၊ သီဆို၊ ငိုရပြောရသော အလုပ်ဖြင့်သရုပ်ဆောင် ခဲ့ကြရသည်။

ကုန်းဘောင်ခေတ်တွင်ပင်  သဘင် အနုသုခုမပညာကို အမျိုးသားယဉ်ကျေးမှု နှင့်အညီ  စနစ်တကျ  တိုးတက်စေရေး သရုပ်ပျက်ယဉ်ကျေးမှု     မပေါ်ပေါက်ရေး တို့အတွက်     စီမံကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်  “သဘင်ဝန်”  ရာထူး ကို စတင်ခန့်အပ်ခဲ့ကြောင်း လေ့လာတွေ့ရှိ ရသည်။ ပဒုံမင်းလက်ထက်တွင် သဘင် ဆိုင်ရာ         အမိန့်တော်မှတ်တမ်း   တစ်ခု၌-
“သဘင်ပညာသည်တိုင်း တိုင်းကျိုး ပြည်ကျိုးကို     တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်သောအားဖြင့်သော် လည်းကောင်း ပြုပြင်နိုင်ခြင်း၊ သာသနာ ရေး၊  ဘာသာရေး၌  အားပေးကူညီနိုင် ခြင်းများကြောင့်  သဘင်ပညာရှင်များ စည်းကမ်းလိုက်နာရန်  သဘင်ဆရာများ ထားရမည်။ 

သာသနာကို ထိခိုက်သော၊ ဂိုဏ်း မလွတ်သော ကဗျာသီချင်းများ သီဆိုခွင့် မပြု၊ ကျူးလွန်ခဲ့သော် သီချင်းရေးသူကို လက်ဖြတ်စေ၊  သီဆိုသူကို လျှာဖြတ်စေ အပြစ်ပေးရမည်” ဟူ၍ အမိန့်ထုတ်ပြန် ခဲ့သည်ကို  ထူးခြားစွာ  လေ့လာတွေ့ရှိရ သည်။ သို့ကလောက် အနုသုခုမပညာကို မညစ်နွမ်းစေရဘဲ     ကြပ်မတ်ကွပ်ကဲ   ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခဲ့ကြ သည်။

နန်းတွင်းသဘင်မှသည် ပြည်သူ့သဘင်သို့

အနုပညာဖြင့် ပြည်သူကို စည်းရုံးနိုင် သည်ဟူသော ခံယူချက်ဖြင့် စစ်ကိုင်းမင်း သည်  ရုပ်သေးသဘင်ကို  နန်းတွင်း၌ သာမက   နိုင်ငံတစ်ဝန်းလုံး  ကျေးလက် ဒေသများအထိ   လှည့်လည်ကပြစေခဲ့ သည်။ ထို့နောက် “အနိမ့်သဘင်” ဟုခေါ် သော “မြေဝိုင်းအက”သည် ကုန်းဘောင် ခေတ်တွင်ပင် ထင်ရှားကျော်ကြား လူကြိုက်  များခဲ့သော     အနုသုခုမသဘင်ပညာ တစ်ရပ်ဖြစ်လာခဲ့သည်။

မြေဝိုင်းသဘင်ကို     လာရောက် ကြည့်ရှုကြသည့်  ပရိသတ်သည် မြေပေါ် တွင် ဝိုင်းပြီးထိုင်၍ ကြည့်ရှုရသောကြောင့် “မြေဝိုင်းဇာတ်” ဟူ၍လည်းကောင်း၊ ကပြ သူတို့ အလယ်တွင် ပန်းပင်စိုက်၍ ဝိုင်းပတ် ကပြကြရသောကြောင့်    “ပန်းပင်ဝိုင်း ဇာတ်”  ဟူ၍လည်း  ခေါ်ဝေါ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုအရ လူ ကိုယ်တိုင်  သီဆိုကပြကြသော  သဘင် သည်များကို ပရိသတ်  သက်ကြီးဝါကြီး များက အောက်မှနေ၍ မကြည့်စေလို သောကြောင့်  ဇာတ်စင်ပေါ်တွင်  မကခဲ့ ကြခြင်းပင်ဖြစ်သည်။ ဇာတ်သဘင်များ၏  ရှေ့ပြေးဖြစ်သော   မြေဝိုင်းအကသည်    ကျေးလက်ဒေသများတွင်  ပွင့်လင်းရာသီ ၌ ခြိမ့်ခြိမ့်သဲ  ကျင်းပလေ့ရှိကြသည့် အနု သုခုမသဘင်ပညာတစ်ရပ်     ဖြစ်လာခဲ့ သည်။

မြန်မာ့သဘင်လောက၌  ယနေ့ တိုင်အောင် မရိုးနိုင်သော “ယိမ်းအက” မှာ    ကုန်းဘောင်ခေတ်တွင်    စတင်ခဲ့ သည်ဟု သိရသည်။ ထိုစဉ်က “ယိမ်း အက”ကို  “ဟန်အက”  ဟူ၍လည်း ခေါ်ဝေါ်ခဲ့သည်ဟုဆိုသည်။ ကျေးလက် ဒေသများ၌  ဗုဒ္ဓပူဇနိယပူဇော်ပွဲများ၊ အလှူပွဲများ၊ သီတင်းကျွတ်၊ တန်ဆောင်  တိုင် ပွဲတော်တို့တွင် ရွာသူရွာသားများ က စုပေါင်း၍ ပျော်ရွှင်စွာ ကခုန်ခဲ့ကြ ရာမှ ယိမ်းအကဟူ၍ ပေါ်ပေါက်လာခဲ့ သည်ဟုသိရသည်။ ယိမ်းအကသည်  လက်၊ ခြေ၊ ခေါင်း၊ ခါး  အတိမ်းအစောင်း ညီညွတ်မှုကို အဓိကထား၍ ကခုန်ကြရ ခြင်းဖြစ်၍ ချစ်ကြည် စည်းလုံးညီညွတ် မှု အဓိပ္ပာယ်ကို ဖော်ဆောင်ပေးသဖြင့် လေးနက်လှပါသည်။

ယဉ်ကျေးမှုအစစ် လူ့အနှစ်

မြန်မာတိုင်းရင်းသားတို့သည် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားသူများ ဖြစ်ကြသဖြင့် အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ထိန်းသိမ်းစောင့်ရှောက် ကာ လက်ဆင့်ကမ်း အမွေကောင်းများ ပေးအပ်သည့် အစဉ်အလာများရှိကြ သည်။ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာ သည် ထိုလူမျိုး၏ စာပေ၊ ဂီတအနုသုခုမ ယဉ်ကျေးမှု   အဆင့်အတန်းပေါ်တွင် တည်မှီနေသည်။  “စာပေမြင့်မှ လူမျိုး တင့်မည်၊ ဂီတစွမ်းအား ပြည်ထွန်းကား”  ဟူသော  ဆောင်ပုဒ်တို့မှာ  အမျိုးသား ယဉ်ကျေးမှု     တိုးတက်မြင့်မားရေး၊ အမျိုးဂုဏ်  ဇာတိဂုဏ်မြင့်မားရေးတို့ အတွက်    အမျိုးသားရေးအင်အား ဖြစ်စေသည့်ဆောင်ပုဒ်များ     ဖြစ်ကြ သည်။ 

လူတို့သည်    အဖွဲ့အစည်းနှင့် နေထိုင်သူများဖြစ်ကြရာ  ဤလူ့အဖွဲ့ အစည်းကို ချည်နှောင်ထားသည်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုးအတွက်   စောင့်ရှောက်သည့် အမျိုးသားရေး      စိတ်ဓာတ်ပင်ဖြစ် သည်။           


အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ကို    ထိန်းသိမ်းကာကွယ် စောင့်ရှောက် ရကောင်းမှန်းမသိလျှင် မျိုးချစ်စိတ် ဓာတ် ရှင်သန်နိုင်မည်မဟုတ်ပါ။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မြန်မာ့ အမျိုးသားရေး လက္ခဏာများ မပျောက် ပျက်အောင်  ထိန်းသိမ်းရာ၌  အရိုးကို အရွက်မဖုံးစေဘဲ မျိုးဆက်သစ်များအား   ယဉ်ကျေးမှုအမွေအနှစ်ကောင်းများ  လက်ဆင့်ကမ်း  ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက     အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို  ဂုဏ်ယူ အားရဖွယ်တွေ့ရှိရပါသည်။ 

မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းဂီတ အနုသုခုမပညာအမွေ

ယနေ့သဘင်လောကတွင် အရိုး ကိုအရွက်မဖုံးစေဘဲ ခေတ်နှင့်လျော်ညီ စွာ ဆန်းသစ်တီထွင် ကပြနေကြသည့် မျိုးဆက်သစ် သဘင်အနုပညာရှင်တို့၏ ကြိုးပမ်းအားထုတ်မှုများကို   ကြိုဆို ဂုဏ်ပြုပါသည်။  ကျေးဇူးရှင်  သဘင် အနုပညာရှင်များဖြစ်ကြသည့် အဘိုး များနှင့် ဖခင်တို့၏ ဂန္ထဝင်အမွေအနှစ် ကို ဆက်ခံကာ  တီထွင်ကြံဆမှုများ နှင့်   ပေါင်းစပ်လျက်     ကပြတင်ဆက် လျက်ရှိရာ ပရိသတ်က ကြိုဆိုလက်ခံ အားပေးလျက်ရှိကြသည်ကို   တွေ့ရ သည်။

ယခုကဲ့သို့ မိုးရာသီဇာတ်သဘင် များ ရပ်နားချိန်တွင်ပင် ကန်တော်ကြီး ၌   ရုံပွဲသွင်း၍   ကပြလျက်ရှိသည်။ ဂန္ထဝင်သဘင်ပညာရှင်ကြီး အလင်္ကာ ကျော်စွာ   ရွှေမန်း(ဦး)တင်မောင်၏ မြေး၊ ဖခင်နှင့် ဦးလေးများဖြစ်ကြသည့် ဇာတ်သဘင်ပညာရှင်   (ဦး)ဝင်းဗိုလ်၊ (ဦး)ဆန်းဝင်း၊       (ဦး)ချမ်းသာ၊      (ဦး)ဝင်းမောင်တို့၏   သဘင်ပညာ   အမွေ အနှစ်များကို      လက်ခံနာယူကာ အောင်မြင်ကျော်ကြားလျက်ရှိသည့် ရွှေမန်းသဘင်  မျိုးဆက်သစ်   (ဦး)  တင်မောင်ဆန်းမင်းဝင်း၏      သဘင် အနုပညာစွမ်းရည်များ ဂုဏ်ယူအားရဖွယ် ဖြစ်ပါသည်။ 

အလားတူ အဘိုးဖြစ်သော ဂန္ထဝင် ဂီတစာဆို နန်းတော်ရှေ့ဆရာတင်၏မြေး  ဇာတ်သဘင်ပညာရှင် (ဦး)ရွှေနန်းတင်၏ သားဖြစ်သူ သဘင်ပညာရှင် (ဦး)နန်းဝင်း နှင့်မိသားစုတို့၏    သဘင်အနုပညာ စွမ်းရည်တို့ကိုလည်း ဂုဏ်ယူချီးကျူးရပါ သည်။ မြန်မာ့သဘင်      ဦးသျှောင်ကြီးဖြစ် သည့်  ဂန္ထဝင် သဘင်ပညာရှိကြီး ဂရိတ် ဦးဖိုးစိန်၏သားဖြစ်သူ သဘင်ပညာရှင် (ဦး)ကနက်စိန်၊  (ဦး)တသက်စိန်၊  မြေး များဖြစ်ကြသည့် (ဦး)ရဲစိန်၊ (ဦး)ညီဝင်းစိန် တို့၏  လက်ဆင့်ကမ်းသဘင်  အမွေခံ အနုပညာစွမ်းရည်တို့ကို တွေ့မြင်ကြည့်ရှု ခံစားခဲ့ရသဖြင့်  ဖရဏာပီတိ  ဂွမ်းဆီ ထိသည့်ပမာဖြစ်ရပါသည်။

လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်က နှစ်ပေါင်း ၁၀၀ ကျော်ကာလတွင် ထင်ရှား ကျော်ကြားခဲ့ကြသော  ဂန္ထဝင်ထိပ်တန်း သဘင်ပညာရှင်ကြီးများ    ဖြစ်ကြသည့် ဂရိတ်ဦးဖိုးစိန်၊ ဦးစိန်ကတုံးတို့ကို မကြည့် ရှုခဲ့ကြရသော်လည်း ထိုသဘင်ပညာရှင် ကြီးများ      အသံသွင်းထားခဲ့သည့် ဓာတ်ပြားများထဲမှ နိပါတ်တော် ဇာတ် တော်များမှ အဆို၊ အပြောများကို နားဆင် ကြည့်ရရုံနှင့်ပင်    အသည်းထိစွဲငြိခဲ့ရပါ သည်။   အလင်္ကာကျော်စွာ      ရွှေမန်း (ဦး)တင်မောင်၏    လက်ဝဲသုန္ဒရဇာတ်၊ ဗုဒ္ဓဝင်၊ ဂီတရူး၊ ရွဲကုန်သည်၊ စလေဦးပုည၊  သောင်မှူး  စသည့်ဓာတ်ပြားသွင်း ဇာတ် များမှာ ပရိသတ်က အလွန်စွဲမြဲနှစ်ခြိုက် ခဲ့ကြသည်။ ဝဏ္ဏကျော်ထင်ဘွဲ့ရ သဘင် ပညာရှင်ကြီး     (ဦး)စိန်အောင်မင်းမှာ   ဗမာ့ကာကွယ်ရေးတပ်မတော်   (BDA)  ဝတ်စုံရန်ပုံငွေဖွဲ့ကပြခဲ့ရာ        အမျိုးသား   ခေါင်း ဆောင် ကြီး   ဗိုလ်ချုပ်အောင်ဆန်း၏ အကျိုးတော်ဆောင်ဘွဲ့ကို    ချီးမြှင့်အပ် နှင်းခံခဲ့ရသည်။

ပရိသတ်ကိုတိုက်ရိုက်ကပြ တင်ဆက်ရသော ခက်ခဲနက်နဲလှသည့် သဘင်မူအနုပညာ

အနုသုခုမသဘင်ပညာသည် ရုပ်ရှင် ကဲ့သို့မဟုတ်ဘဲ    ပွဲကြည့်ပရိသတ်ကို တိုက်ရိုက် တင်ဆက်သရုပ်ဆောင် ကပြရ သည့် အနုပညာဖြစ်ခြင်းကြောင့် အမှား အယွင်း မဖြစ်စေရပါ။ ဇာတ်စာ၊ ဇာတ်ဝင် သီချင်း၊    ဇာတ်ဝင်အပြောအဆိုတို့ကို နှုတ်တိုက်အလွတ် ကျက်မှတ်ထားကြ ရုံမျှမက ကနည်း၊ ကကြိုး၊ ကကွက်များစွာ တို့ကို ဋ္ဌာန်ကရိုဏ်းကျကျ စည်းဝါးကျကျ လေ့ကျင့်သင်ယူကြရသဖြင့် ဇာတ်သဘင် အနုပညာသည် အလွန်လေးနက် သိမ်မွေ့ လှပါသည်။

ဤနေရာတွင် စပ်လျဉ်း၍ စာရေးသူ ၏   ကိုယ်တွေ့    အတွေ့အကြုံလေး တစ်ခုကို တင်ပြလိုပါသည်။ စာရေးသူ၏ ဖခင်နှင့်    ညီမ၊     ညီမတစ်ဝမ်းကွဲ တော်စပ်ကြသူတို့သည် မြန်မာ့ဆိုင်းပညာ ရှင်များနှင့် အကပညာရှင်များ ဖြစ်ခဲ့ကြပါ သည်။ ဦးလေးတော်စပ်သူနှစ်ဦးက ဗလာ ဆိုင်းများတွင်  နှဲပညာရှင်၊  ပတ်မတီး ပညာရှင်များ ဖြစ်ခဲ့ကြပြီး အဒေါ်ဖြစ်သူမှာ ဇာတ်မင်းသမီးတစ်ဦး      ဖြစ်ခဲ့သည်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ ဇာတ်ထဲမှ  နာမည်ကျော်  မင်းသမီးကြီး အမေဒေါ်အောင်သန်းတင်ထံမှ သဘင် ပညာများကို သင်ယူခဲ့သူဖြစ်သည်။ အမေ ဒေါ်အောင်သန်းတင်၏ အဆို၊ အပြော၊ အသံတို့မှာ ထူးချွန်လှ၍ ဗုဒ္ဓဝင်ဇာတ်ပြ ရန်    ဖွားတော်မူခန်းတွင်   မယ်တော် မာယာအဖြစ် သရုပ်ဆောင်အသံသွင်းခဲ့ ပုံများ၊     နှစ်ပါးသွားသီချင်းများမှာ အလွန်နားဝင် ပီယံဖြစ်ခဲ့ကြရသည်။  အမေဒေါ်အောင်သန်းတင်မှာ  သူကိုယ် တိုင်  စာမတတ်မြောက်ခဲ့ရသော်လည်း ဇာတ်စာ၊  ဇာတ်အပြောအဆို၊  ဇာတ် သီချင်းများကို  နှုတ်တိုက်ကျက်မှတ် သီဆိုကပြခဲ့ရာ  မထစ်မငေါ့၊   မမှား မယွင်းဘဲ   ပင်ကိုကရုဏာသံဖြင့် သီဆို နိုင်ခဲ့သည်မှာ အားရဂုဏ်ယူ လေးစား ဖွယ်ဖြစ်ပါသည်။

ယခုအခါ အမျိုးသားယဉ်ကျေးမှု အဆို၊  အက၊  အရေး၊  အတီးပြိုင်ပွဲ များတွင် ခေတ်အဆက်ဆက်မှ    ဂန္ထဝင် စံတင်ခဲ့သော  အဆိုပညာ၊ အတီးပညာ၊ အရေးပညာ၊    အကပညာဟူသော  အနုသုခုမပညာများကို လက်ဆင့်ကမ်း အမွေခံယူကာ      တင်ဆက်ကြရင်း သဘင်မူအနုပညာနယ်ပယ်တွင်“ဇာတ် သမားလာလျှင်    မှတ်သားစရာပါရ မည်၊  ဇာတ်သမားပြန်လျှင်  မှတ်သား စရာကျန်ရမည်” ဟူသော ဆောင်ပုဒ် နှင့်အညီ  မျိုးဆက်သစ် အနုပညာရှင် တိုင်း   နိုင်ငံတော်နှင့်   ပြည်သူတို့ကို   ကောင်းစွာအလုပ်အကျွေးပြုနိုင်ကြပါ စေဟု     အရေးထားလေးစားစွာဖြင့် ရေးသားဆန္ဒပြုလိုက်ပါသည်။      ။


အကိုးအထောက်
၁။    - ကြည်မြသည့် ဂီတ၊  ပီသသည့် အသံ၊     အံဝင်သည့်စာသား မောင်မောင်စန်း     ရန်ကုန် တက္ကသိုလ်   (၂-၇-၁၉၇၈ ရက်နေ့ ထုတ်  လုပ်သားပြည်သူ  နေ့စဉ် သတင်းစာ)
၂။    - ဂီတမှာအသံ၊    အလင်္ကာမှာ ကာရန်၊       မြန်မာဆန်သည့်    တေးရေးဟန်  မောင်မောင်စန်း    (ရန်ကုန်တက္ကသိုလ် ၅-၁-၁၉၇၅  ရက်နေ့ထုတ်    မြန်မာ့အလင်း သတင်းစာ)
၃။    - အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း ဒုတိယတွဲ-ဒုတိယပိုင်း (လမ်းစဉ် ပါတီဌာနချုပ်-၁၉၈၀)